မန္တလေး ဆိပ်ကမ်းကို ပေ ၁ သောင်းခွဲ အရှည်ရှိသော အဆင့်မြှင့်တင်မည့် စီမံကိန်းအတွက် အောက်တိုဘာလ လယ်မှ စတင်၍ ဆာဗေး ကောက်ယူမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည် အောင်က ပြောသည်။
“နည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ မန္တလေးဆိပ်ကမ်းဟာ အခုထက်မက တိုးတက်သင့်နေပြီ။ ဆိပ်ကမ်းကို အဆင့်မြှင့်ဖို့ အတွက် ဒီလထဲမှာ ဆာဗေး Physical Study လုပ်သွားမယ်”ဟု ဝန်ကြီး ဦးဇာနည်အောင်က ပြောပြသည်။
ထိုသို့ဆာဗေး ကောက်ယူရာတွင် ရာသီအလိုက် ဧရာဝတီမြစ်ကြောင်း၏ အခြေအနေ၊ ဆိပ်ကမ်းသို့ ဆိုက်ကပ်သည့် သင်္ဘော အရေအတွက်၊ သင်္ဘော အမျိုးအစား၊ ဆိပ်ကမ်း ကုန်တင်ကုန်ချမှု၊ ကုန်အမျိုးအစားများ၊ ဆိပ်ကမ်းလုံခြုံရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များ စသည့် ခေါင်းစဉ်များအလိုက် စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
ဆာဗေး ကောက်ယူနိုင်ရန် မန္တလေးတိုင်း အစိုးရအဖွဲ့က တိုင်းဒေသကြီး ဆိပ်ကမ်းကြီးကြပ်မှု ကော်မတီကို ဇူလိုင်လလယ် က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တိုင်းလျှပ်စစ်နှင့် ဆောက်လုပ်ရေး ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ လုပ်ငန်း ကော်မတီများ ထပ်မံ ဖွဲ့စည်းပြီး အဆင့်လိုက် ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ကပါ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထိုစီမံကိန်း လုပ်ငန်းကော်မတီများ အနက် ဆိပ်ကမ်းအဆင့်မြှင့်တင်ရေးအတွက် ယခုစီစဉ်ထားသည့် ဆာဗေး ကောက် ယူခြင်းသည် ပထမအဆင့် ဖြစ်ကြောင်း၊ ပြည်ပမှ ပညာရှင်များ၏ အကူအညီများကိုလည်း ရယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးဇာနည်အောင်က ပြောဆိုသည်။
ထိုအစီအစဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်း ကုန်တင် ရေယာဉ်ပိုင်အသင်း အတွင်းရေးမှူး ဦးမြအောင်က “ဧရာဝတီမြစ်ရေ တက်လာရင် မန္တလေးမှာ ဆိပ်ကမ်း သိပ်ရှားတယ်။ မန္တလေးဆိပ်ကမ်း ဖွ့ံဖြိုးဖို့ဆိုရင် ဂိုဒေါင်တွေ လိုအပ်သလို ကောင်းမွန် တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်တယ်”ဟု ပြောသည်။
မိုးတွင်းကာလ ကုန်သယ်ယူမှုပါးသည့် အချိန်၌ ရေယာဉ်များသည် ကုန်စည်ပို့ဆောင်ရေးအတွက် သွားလာရသည့် အချိန် ကာလထက် ဆိပ်ကမ်း၌ ကုန်တင်ကုန်ချလုပ်ရန် စောင့်ဆိုင်းရသည့် အချိန်က ၄ ဆခန့် ကြာမြင့်နေပြီး ရေကြောင်းဖြင့် ကုန်စည် သယ်ယူပို့ဆောင်ရေး စရိတ်သည် အသက်သာဆုံး ဖြစ်သော်လည်း အချိန်ကြန့်ကြာမှုရှိပါက ဖွံ့ဖြိုးမှု အားနည်း နိုင် ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မန္တလေးဆိပ်ကမ်းသည် အရှည် ပေပေါင်း ၁၄,၉၈၁ ရှိပြီး ဆိပ်ကမ်းအတွင်း ကုန်တင်ကုန်ချ ပြုလုပ်သည့် နေရာများ၊ သဘောင်္ များ ရပ်နားရန် နေရာများ၊ ကုန်လှောင်ရုံများ စသည့် ဆိပ်ကမ်း စီမံခန့်ခွဲမှုသည် အားနည်းနေသည့် အတွက် ရေရှည် စီမံကိန်းအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
ယခင်အစိုးရ လက်ထက်က မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရေးအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (JICA) က စစ်တမ်း ကောက်ယူမှုများ ပြုလုပ်ခဲ့ရာ ယခုအစီအစဉ်တွင် ထိုအချက်အလက်များကိုပါ ပေါင်းစပ် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
မန္တလေး မရမ်းခြံ ဆိပ်ကမ်း၏ မြောက်ဘက်တွင် ကျုးကျော်တဲများဖြင့် ယာယီ နေထိုင်သူများရှိခြင်း၊ ဆိပ်ကမ်း ကုန် အတင် အချ သတ်မှတ်ထားသည့် နေရာတွင် လမ်းမကောင်းခြင်း၊ ရွှေကြက်ယက် ဆိပ်ကမ်းတွင် လောင်စာဆီ အတင်အချ ပြုလုပ် ရန် ခွင့်ပြုထား၍ ဆီတင်သဘောင်္များနှင့် ဘောက်ဆာကားများ အဝင်အထွက် ရှိသောကြောင့် နွေရာသီတွင် မီးဘေး အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ဝန်ကြီးဦး ဇာနည်အောင်က ရှင်းပြသည်။
မန္တလေးဆိပ်ကမ်းနှင့် တဆက်တည်း ရှိနေသည့် ပေ ၁၆,၀၀၀ ကျော် ရှည်သည့် ရွှေကြက်ယက် ဆိပ်ကမ်း အဆင့်မြှင့်တင် ရေးကိုပါ ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးတိုင်းအတွင်း၌ ဆိပ်ကမ်းသစ်များ အကောင်အထည်ဖော် တည်ဆောက်မှု အခြေအနေကိုပါ စိစစ်လေ့လာသွားမည်ဟုလည်း သိရသည်။