ခိုင်ပြည်နယ် မောင်တောမြို့ရှိ ရဲဌာန သုံးခု တိုက်ခိုက်ခံရမှုတွင် ပါဝင်ခဲ့သော နောက်ထပ် လက်နက်ကိုင်အမျိုးသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က တပ်မတော်ပိုင် မြဝတီသတင်းတွင် ဖော်ပြသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ ကတည်းက တပ်မတော်နှင့် ရဲတပ်ဖွဲ့က ထိုဒေသတွင် ရှင်းလင်းရေး ပြုလုပ်နေရာ အဆိုပါလက်နက်ကိုင် အမျိုးသား ၁၁ ဦးကို မောင်တောမြို့ ငါးခူရကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းနေကြောင်း သတင်းက ပြောသည်။
အောက်တိုဘာလ ၉ ရက် မောင်တောမြို့ရှိ နယ်စပ်ရဲဌာနသုံးခု တိုက်ခိုက်ခံရသည့် အချိန်မှစ၍ မြန်မာစစ်တပ်နှင့် ရာပေါင်းများစွာသော လက်နက်ကိုင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ အယောက် ၃၀ ရှိပြီး ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၏ အဆိုအရ သိရသည်။
ထိုတိုက်ခိုက်မှုတွင် စစ်သား ၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၈ ဦးလည်း ကျဆုံးခဲ့သည်။ တိုက်ခိုက်ခံရသော နယ်စပ်ရဲဌာနသုံးခုမှာ မောင်တောတွင် ကျီးကန်းပြင်ရဲဌာန၊ ရသေ့တောင်တွင် ကိုးတန်ကောက် ရဲဌာနနှင့် ငါးခူရ ရဲဌာနတို့ ဖြစ်ကြသည်။
ပါကစ္စတန်တွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည်ဟု ဆိုသော မောင်တောဒေသခံ ဟာာဗစ်တူဟာရ်သည် Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့သစ်ကို Rohingya Solidarity Organization (RSO) အဖွဲ့အစည်း အထောက်အပံ့ဖြင့် တည်ထောင်ခဲ့ကြောင်းနှင့် အစ္စလာမ္မစ်နိုင်ငံများထံမှ ငွေကြေးအကူအညီ ရယူကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
အကာလ်မူလ် မူဂျာဟီဒင်န် အဖွဲ့ဝင်များ ပုန်းခိုနေသည်ဟု ယူဆရသော ရခိုင်ပြည်နယ် မောင်တောမြို့နယ် အစွန်ပိုင်း ကျေးရွာအချို့တွင် မြန်မာ့တပ်မတော်က ရှင်းလင်းစစ်ဆင်နေရာ ကြောက်ရွံ့မှုနှင့် တင်းမာမှုများက ဒေသခံပြည်သူများအကြား ဖြစ်ပွားလျက်ရှိကြောင်း ကုလသမဂ္ဂက ပြောဆိုခဲ့သည်။
“ရဲဌာနတွေ တိုက်ခိုက်ခံရတာနဲ့ ဒီတိုက်ခိုက်ခံရမှုကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ တုံပြန်တာကို သတိထားမိပါတယ်။ ဒီတိုက်ခိုက်သူတွေကို ဆက်လက်ရှာဖွေတာကနေ ဒေသခံပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေပျက်စီးမှုနဲ့ အပြစ်မရှိသူတွေကို ထိခိုက်မှုမရှိအောင် သတိပြုရှောင်ရှားဖို့ အရေးကြီးတယ်ဆိုတာ ကျနော်တု့ိ ထောက်ပြချင်တယ်”ဟု ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ အစည်းအဝေး၌ ဂျာနယ်လစ်များသို့ ပြောကြားခဲ့သည်။
“အစိုးရက တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းတဲ့နေရာမှာ တာဝန်ခံမှု အားကောင်းတာကို မြင်သာစေခဲ့တာ ကျနော်တို့ သတိထားမိတယ်။ တိကျတဲ့ တရားဝင် လုပ်ငန်းစဉ်တွေနဲ့ အညီ တရားခံတွေကို တရားစွဲဆိုတယ်၊ တိုက်ခိုက်လူယူခြင်း တွေ၊ ရန်စခြင်းတွေ ဒါမှမဟုတ် လူအများကြားမှာ အမုန်းပွားမှုတွေနဲ့ ပဋိပက္ခ သွေးထိုးလှုံ့ဆော်မှုတွေကိုလည်း ထိန်းသိမ်း ကာကွယ်ပေးတာတွေ တွေ့ရပါတယ်” ဟု Stephane Dujarric က ပြောသည်။