တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တ.စ.ည) ပြင်ဆင်ဖွဲ့စည်းရေး အတွက် စတုတ္ထအကြိမ် ဗဟို ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် အောက်တိုဘာ ၂၀၊ ၂၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
တ.စ.ည ပါတီ အစည်းအဝေးတွင် ပါတီဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းများ ပြင်ဆင်ခြင်း၊ ပါတီဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များ အသစ်ရွေးကောက် တင်မြောက်ခြင်းတို ့ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဗဟိုကော်မတီဝင် ဦးအောင်ဒင်က “ပါတီ ဗဟိုကော်မတီတွေ၊ အလုပ်အမှုဆောင်တွေ တိုးချဲ့ဖွဲ့စည်းဖို့ ရှိတယ်၊ အခြေအနေနဲ့အညီ ပါတီကို ပြင်ဆင်ပြောင်းလဲမှုတွေက လုပ်ရမှာပါပဲ” ဟု ပြောသည်။
၁၉၈၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းလဲကာ စတင် တည်ထောင်ခဲ့သည့် တ.စ.ည ပါတီမှာ ပါတီသက်တမ်း ၂၈ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိဥက္ကဋ္ဌ တာဝန်ကို ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းတင်က ဆောင်ရွက်လျက်ရှိသည်။
တ.စ.ည ပါတီသည် ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ဦးရေ ၈၀ဝ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ၁ ဦးသာ အနိုင်ရရှိခဲ့သော်လည်း ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ဦးရေ ၆၀ ကျော် အနိုင်ရရှိခဲ့သည်။