ဟုမ္မလင်း- မုံရွာသွား တိမ်းမှောက်ခဲ့သည့် အောင်စိုးမိုးကျော်ရေယာဉ် ရှာဖွေရေးလုပ်ငန်းများကို ယနေ့ညနေပိုင်းတွင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းနှင့် ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်း ၇၂ လောင်းအထိ တွေ့ရှိထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ စုံစမ်းသိရသည်။
အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက်မှုကြောင့် အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း ၁၅၉ ဦး ရှိပြီး၊ လက်ရှိအတည်ပြုလိုက်သည့် စာရင်းများအရ သေဆုံးသူစုစုပေါင်း ၇၂ ဦး ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ဧရာဝတီကို ပြောသည်။
“ပျောက်ဆုံးစာရင်း ပေးထားတာက အရင် ၈၅ ယောက် ရှိတယ်။ သေချာစိစစ်တော့ နာမည်တူ ၅ ဦး တွေ့တယ်ဆိုတော့ လက်ရှိ ပျောက်ဆုံးစာရင်းအရ ၈၀ ဦး ဖြစ်တယ်။ အခု သေဆုံးက ၇၂ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ပြီဆိုတော့ ၈ ဦး မတွေ့သေးတဲ့ သဘောပါ။ သင်္ဘောပေါ်မှာတော့ ဘာမှမရှိတော့ဘူး” ဟု ၎င်းကဆိုသည်။
သေဆုံးသူ ၇၂ ဦးတွင် ပိုင်ရှင်တွေ့ရှိထားသည့် ရုပ်အလောင်းမှာ ၄၄ လောင်းရှိကြောင်းနှင့် ရေယာဉ်ဆယ်ယူရာတွင် ရေယာဉ်ခေါင်းခန်းအတွင်း ရွှေကိုးဆယ်သားခန့် အထုပ်တထုပ်နှင့် ရွှေ ၂၀ သားခန့် အထုပ်တထုပ် ပါလာခြင်းသည် ဟုတ်မှန်ကြောင်းနှင့် ကျောက်များသယ်ဆောင်လာသည်ကို မတွေ့ရှိရကြောင်း ဦးစဝီလီဖန့်က ဆက်ပြောသည်။
“သိမ်းဆည်းပစ္စည်းတွေကို ရဲစခန်းမှာ မှတ်တမ်းယူ သိမ်းထားပါတယ်။ ကျနော်သိရတာတော့ ခေါင်းခန်းမှာ အခြားအထုပ်တွေနဲ့အတူ ဟုမ္မလင်းကနေ သယ်လာတဲ့ ရွှေထုပ်နှစ်ထုပ်ပါတယ်။ တထုပ်က ၉၀ သားခန့်နဲ့ ၂၀ သား နီးပါး ရှိမယ်။ နောက်ပြီး ပယင်းကျောက်တွေ ပါတယ်လို့ပြောတဲ့ ပိုင်ရှင်အမျိုးသမီးက ရေယာဉ်ဆယ်ကတည်းက ရောက်နေတာ တွေ့တယ်။ အခုရေယာဉ်ဆယ်ပြီးတော့ သူ့အထုပ်မတွေ့ဘူးလို့ သိရတယ်။ Upper ခန်းမှာတော့ မိသားစုတစုနဲ့ ငွေ သိန်း ၂၀၀ လောက် ပါတယ်လို့သိရတယ်။ ကျန်တဲ့ အသေးစိတ်ရဲစခန်းမှာ ရှိမယ်” ဟု ၎င်းက ပြောသည်။
ဦးစဝီလီဖရန့်က “ရေယာဉ်ထဲမှာလည်း ဘာမှမရှိတော့ဘူးဆိုတော့ ရှာဖွေတာကို ရပ်လိုက်ပြီ။ ကျန်တဲ့ ရေယာဉ်ကိုယ်ထည်ကို သောင်ပြင်ပေါ်ရောက်အောင် ဆွဲတင်တာတွေနဲ့ လိုအပ်တဲ့ အမှုကိစ္စတွေ ဆက်လုပ်ဖို့ရှိတယ်” ဆိုသည်။
နစ်မြုပ်ရေယာဉ်ပေါ်တွင် အဖိုးတန်ကျောက်များနှင့် ရွှေပိသာလိုက် တင်ဆောင်လာခဲ့သည်ဟု ဆိုရှယ်မီဒီယာ တခုဖြစ်သည့် ဖေ့ဘွတ်စ်တွင် ရေးသားနေမှုများနှင့် ပတ်သက်ပြီး ကနီမြို့နယ်ရဲစခန်းသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ယနေ့ညပိုင်းအထိ ဖုန်းကိုင်ဖြေကြားမည့်သူ မရှိပါ။
နစ်မြုပ်ရေယာဉ်ပေါ်ပါ ရှာဖွေသိမ်းဆည်း ရမိရှိသည့် ပစ္စည်းများနှင့် ပတ်သက်ပြီး သက်ဆိုင်သူမိသားစုများက ကနီရဲစခန်းတွင် သွားရောက်အတည်ပြု ရွေးယူနိုင်ကြောင်း ဦးစဝီလီဖရန့်က ပြောသည်။
ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့ကြသည့် သေဆုံးသူစာရင်း ၇၂ ဦးတွင် ဆရာ၊ဆရာမ ၂၃ ဦး၏ ရုပ်အလောင်းကို မိသားစုများက အတည်ပြုနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်မှ အဖွဲ့ဝင် မုံရွာတက္ကသိုလ် မြန်မာစာဌာနမှ လက်ထောက်ကထိက ဦးကျော်ဝေဖြိုးက အတည်ပြု ပြောဆိုသည်။
“လက်ရှိအချိန်ထိ ပျောက်ဆုံး ဆရာ၊ဆရာမစာရင်း အတိအကျ ၃၇ ဦး ရှိတယ်။ အစိုးရထုတ်ပြန်ထားတဲ့ အစိုးရ ဝန်ထမ်းစာရင်းမှာ ၂၈ ဦး ရှိတယ်။ ကျန်တဲ့ ဆရာ၊ဆရာမတွေက ဆွဲခန့်တွေနဲ့ ပုဂ္ဂလိကကျောင်းက ဖြစ်ဖို့များပါတယ်။ ကျန်တဲ့ရုပ်အလောင်းတွေထဲမှာ ဆရာ၊ ဆရာမ ရုပ်အလောင်းတွေကို ဆက်လက်အတည်ပြုနိုင်ဖို့ ကျနော်တို့ စုံစမ်းနေတယ်” ဟု ဦးကျော်ဝေဖြိုးက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက် နံနက် ၅ နာရီ အချိန်ခန့်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်း (ပုဂ္ဂလိကပိုင်) မှ အောင်စိုးမိုးကျော်ရေယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။