အမျိုးသမီးများနှင့် ကလေးများ ဘဝလုံခြုံရေးအတွက် ပြည်တွင်းစစ်ပွဲ ရပ်တန့်ပေးရန် ကချင်ပြည်နယ်၊ မိုးမောက်နှင့် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တို့မှ ဒေသခံများက ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။
စစ်ကြောင့် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်အများစုသည် အမျိုးသမီးများနှင့် ကလေးများ ဖြစ်နေကြပြီး စစ်ပွဲများကြောင့် အမျိုးသမီးများဘဝနှင့် ကလေးများ၏ လုံခြုံမှုသည် စိုးရိမ်နေရသည့်အပြင် တိုက်ပွဲကြောင့် အမျိုးသမီးများ သွားလာရာတွင် အန္တရာယ်ရှိနေသည်ဟု မိုးမောက်မြို့မှ ဆန္ဒထုတ်ဖော်သူများက ပြောသည်။
ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူတဦးဖြစ်သည့် မိုးမောက်မြို့ခံ ဒေါ်နန်ဘောက်က“မိုးမောက်က အနက်ရောင်ဒေသ ဘယ်ပဲ သွားသွား လုံခြုံမှုမရှိဘူး။ အမျိုးသမီးတွေအနေနဲ့ လွတ်လပ်စွာ ရှာဖွေစားသောက်လို့ မရလို့ပါ။ စစ်ဘေးရှောင် အမျိုးသမီးတွေ အိမ်ခဏ၊ ရွာခဏ ပြန်ကြရင်လည်း ဒုက္ခကြုံရတယ်။ စစ်ကြောင်းတွေနဲ့လည်း ကြုံရတယ်” ဟု ပြောသည်။
ယနေ့နံနက်ပိုင်း ဆန္ဒထုတ်ဖော်ရာတွင် မိုးမောက်မြို့ ဒေသခံ ၅၀၀ ကျော် ပါဝင်ကြောင်းနှင့် အလားတူ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့၌ ဆန္ဒထုတ်ဖော်ရာတွင် ကချင်၊ ရှမ်း၊ ပလောင် (တအာင်း)၊ ဂေါ်ရခါး၊ ခိုလုံလီရှောနှင့် မုန်းဝန်းလူမျိုးတို့ ပူးပေါင်းပါဝင်ကြကြောင်း ဒေသခံများက ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတဦးဖြစ်သည့် မလုထွယ်က “ ဒေသအတွင်း စစ်ဖြစ်နေတော့ အမျိုးသမီးတွေ သွားလာဖို့ အခက်အခဲအများကြီး ဖြစ်တယ်။ စစ်ဖြစ်နေတော့ အမျိုးသမီးတွေ သွားလာတဲ့အခါမှာ အန္တရာယ်များတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး ကချင်လွတ်လပ်ရေး တပ်မတော်(KIA) နှင့် အစိုးရတပ်မတော်တို့ ၂၀၁၁ ခုနစ်ကတည်းက တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်၌ မိုးမောက်မြို့ပေါ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၄,၀၀၀ ခန့် လာရောက်တိမ်းရှောင်နေကြောင်း မလုထွယ်က ပြောသည်။
အလားတူ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် တောင်ယာလုပ်ကိုင်နေသည့် ဒေသခံများသည် တောင်ယာလုပ်ငန်း မလုပ်ကိုင်ရသဖြင့် စားဝတ်နေရေး ခက်ခဲနေကြပြီး၊ စစ်ကြောင့် ပြည်သူများ လုံခြုံမှုမရှိသဖြင့် စစ်ပွဲများ ရပ်တန့်စေလိုကြောင်း ကွတ်ခို်င်မြို့ခံ ဦးဘရန်ဂျာက ပြောသည်။
ဦးဘရန်ဂျာက “ ရှေ့ဆက် စစ်ပွဲဆက်ဖြစ်မယ်ဆိုရင် ကျနော်တို့အတွက် ငြိမ်းချမ်းရေးက လုံးဝရမှာ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေက ငြိမ်းချမ်းရေး လိုလားနေတဲ့သူတွေပါ။ ကလေးတွေ၊ အမျိုးသမီးတွေက မုဒိန်းကျင့်ခံရတာ၊ လက်နက်ကြီးထိပြီး သေတာတို့ ဖြစ်ချင်မှာလဲ။ ဒါတွေက စစ်ကြောင့်ပါ။ ကျနော်တို့အတွက် အမြဲတမ်း အိပ်မက်ဆိုးတွေ ဖြစ်နေတယ်” ဟု ဆိုသည်။
ယခုအောက်တိုဘာလအတွင်း မြစ်ကြီးနားမြို့တွင် ဒေသခံလူဦးရေ ၂ သောင်း ဝန်းကျင် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရန် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။