ထိုင်းနိုင်ငံ၌ အခြေခံ အလုပ်သမားများ၏ တရက်လုပ်အားခနှုန်းထားကို ထိုင်းအလုပ်သမားများ အပါအဝင် အနိမ့်ဆုံး ထိုင်းဘတ် ၃၀၀ သတ်မှတ်ထားရာမှ ၃၀၅ ဘတ်၊ ၃၀၈ ဘတ်နှင့် ဘတ် ၃၁၀ စသည်ဖြင့် ခရိုင်အလိုက် တိုးမြှင့် သတ် မှတ် လိုက်ကြောင်း သိရသည်။
ထိုအစီအစဉ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အကျုံးဝင်မည်ဟု ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်က ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ၌ ခရိုင်စုစုပေါင်း ၇၇ ခုရှိသည့်အနက် ခရိုင် ၄၉ ခုတွင် ၃၀၀ မှ ၃၀၅ ဘတ် သို့တိုးမြှင့်ပြီး မယ်ဟောင်ဆောင်၊ ကန်ချနဘူရီ၊ စမွတ်ဆုန်ခရမ်၊ နောင်ခိုင် စသည့် ခရိုင်များ ပါဝင်သည်။
၃၀၈ ဘတ် တိုးမြှင့်သတ်မှတ်ရာတွင် ခရိုင် ၁၃ ခုပါဝင်ပြီး၊ ချွန်ဘူရီ၊ နခွန်ရာ့စီမာ၊ ပရာကျင်ဘူရီ၊ ဆုန်ခလာ၊ ချင်းမိုင် စ သည်တို့ ပါဝင်သည်။
ထို့အတူ ၃၀၀ မှ ၃၁၀ ဘတ် တိုးမြှင့်ရာတွင် ခရိုင် ၇ ခု ပါဝင်ပြီး ဘန်ကောက်၊ ပထုံဌာနီ၊ နခွန်ပထုံ၊ နွန်ထဘူရီ၊ စမွတ်ဆာခွန်၊ ဖူးခက်၊ စသည်တို့ ပါဝင်သည်။
လုပ်အားခ မတိုးဘဲ ယခင်နှုန်း ဘတ် ၃၀၀ အတိုင်း ပေးသည့် ခရိုင် ၈ ခုရှိပြီး စံခရဘူရီ၊ နခွန်စီ၊ ရနောင်း၊ ပထနီ စသည့် တို့ဖြစ်ကြောင်း သိရသည်။
တရက်လုပ်အားခ တိုးပေးသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုသည် အပြည့်အ၀ မရကြ ကြောင်း၊ လက်ရှိတွင် တရက်လုပ်အားခ ဘတ် ၃၀၀ ပေးထားသော်လည်း မြန်မာ အလုပ်သမား အများစုသည် ဘတ် ၁၀၀ ကျော်သာရရှိကြောင်း ချင်းမိုင် အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသည့် ကိုဂျွန်နီ က ဧရာ ဝတီ ကို ပြောပြသည်။
ကိုဂျွန်နီက “မြန်မာအလုပ်သမား အများစုဟာ ၁၀၀ ကျော်၊ ၂၀၀ ဝန်းကျင်ပဲ ရကြပါတယ်၊ အလုပ်သမား အများစုဟာ အခွင့်အရေး ချိုးဖောက်ခံရရင်လည်း နားမလည်ကြပါဘူး၊ ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ အလုပ်သမားတွေကို အသိပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးသင့်ပါတယ်”ဟုလည်း ပြောသည်။
သို့သော် ပန်းရံကဲ့သို့သော အလုပ်ကြမ်း လုပ်သူများသည် ဘတ် ၃၀၀ ကျော် ၄၀၀ ဝန်းကျင်အထိ ရရှိကြကြောင်း သိရ သည်။
ထိုင်းနိုင်ငံ၌ အခြေခံအနိမ့်ဆုံး တရက်လုပ်အားခ ဘတ် ၃၀၀ သည် နည်းပါးသည့် အတွက် တရက် လုပ်အားခ အနိမ့် ဆုံး ဘတ် ၃၆၀ တိုးပေးရန် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အလုပ်သမားများ ကွန်ရက် (MWRN)၊ ထိုင်းနိုင်ငံ အလုပ် သမား သမဂ္ဂ အဖွဲ့ချုပ် (SERC)၊ ထိုင်းနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂ စသည့် အလုပ်သမား အဖွဲ့များက တောင်းဆို ခဲ့ကြကြောင်း MWRN ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က ဧရာဝတီ ကို ပြောသည်။
ဦးအောင်ကျော် က “ကျနော်တို့ တောင်းဆိုတာက တနိုင်ငံလုံးမှာ ရှိတဲ့ အလုပ်သမား အားလုံးကို တရက် ၃၆၀ အထိ တိုး ပေးဖို့ တောင်းဆိုတာပါ၊ ဒါပေမယ့် အခုတိုးပေးတာက ၅ ဘတ်ကနေ ၁၀ အထိပဲ ပေးသေးတယ်၊ နောက်တော့ တဖြည်းဖြည်း တိုးပေးမယ်လို့ သိရပါတယ်”ဟုလည်း ပြောဆိုသည်။
တိုးပေးရာတွင်လည်း ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်မားခြင်းနှင့် တိုင်းပြည် ဘဏ္ဍာငွေ မြင့်မားမှုအပေါ် မူတည်၍ တိုးပေး ခြင်း ဖြစ်ကြောင်း၊ ၁၀ ဘတ်အထိ တိုးပေးသည့် နေရာသည် ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှု အများဆုံးနေရာများ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် အစိုးရလက်ထက်တွင် နိုင်ငံတွင်းရှိ အလုပ်သမားအားလုံးကို တရက် လျှင် အနိမ့်ဆုံး လုပ်အားခ ဘတ် ၃၀၀ အထိပေးဆောင်ရန် သတ်မှတ်ပေးခဲ့သည်။
သို့သော် ထိုင်းနိုင်ငံသို့ တရားဝင် လာရောက် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည်ပင် ဘတ် ၃၀၀ အပြည့်အ၀ မရကြပေ။
ထိုသို့ အလုပ်သမားအခွင့်အရေး အပြည့်အဝမရရှိသည့်အတွက် သက်ဆိုင်ရာ အလုပ်ရှင်များအား တိုင်ကြားမှုရှိခဲ့သော် လည်း ထိရောက်သည့် အရေးယူမှု မရှိဟု ထိုင်းရောက် မြန်မာများက ပြောသည်။
အလုပ်သမားများ အနေဖြင့်လည်း သတ်မှတ်နှုန်းထားအပြည့်မရခြင်း၊ မိမိတို့၏ အလုပ်သမားအခွင့်အရေး ချိုး ဖောက် ခံရခြင်းများ ရှိပါကလည်း နီးစပ်ရာ အလုပ်သမားအရေး ဆောင်ရွက်သူများ နှင့် သက်ဆိုင်ရာ အာဏာပိုင်များ ထံ တိုင် ကြား ရန် လိုအပ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းက အလုပ်သမားများအား လုပ်အားခ တိုးပေးခြင်းကို ကြိုဆိုကြောင်း၊ ထို့အတူ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နေသည့် အဖွဲ့ အစည်း များကိုလည်း ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ဧရာဝတီ ကို ပြောသည်။
ဦးကျော်သောင်းက “မြန်မာ အလုပ်သမားတွေကို ၆ ဘတ် ၇ ဘတ်တိုးပေးပြီးတော့ ၆၀၀၊ ၇၀၀ လောက်အထိ ခေါင်းပုံ ဖြတ်နေ တာတွေကိုလည်းပဲ ဖြေရှင်းပေးနိုင်ဖို့လိုပါတယ်၊ ဒါမှပဲ အလုပ်သမားတွေကို ကူညီရာဖြစ်မှာပါ၊ အလုပ်သမား တွေဟာ သူတို့ရတဲ့ လုပ်အားခရဲ့ တဝက်လောက်က ထိုင်းနိုင်ငံမှာ ပြန်ကုန်နေရတယ်”ဟုလည်း ပြောဆိုသည်။
ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား အလုပ်သမား စုစုပေါင်း ၄ သန်း ကျော်ရှိကြောင်း အလုပ်သမား အဖွဲ့အစည်းများက ဧရာဝတီ ကိုပြောသည်။
သို့သော် ထိုင်းနိုင်ငံ၌ တရားဝင် မြန်မာ အလုပ်သမားဦးရေသည် ၁ ဒသမ ၇ သန်း ဝန်းကျင်ရှိကြောင်း မြန်မာသံရုံး က ထုတ်ပြန် ထားသည်။
ထိုင်းနိုင်ငံသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ကျယ်ပြန့်စွာရှိနေသည်ဟုဆိုကာ နိုင်ငံတကာ ကလည်း ထိုင်း နိုင်ငံ ထုတ် ပင်လယ်အစားအစာ တင်သွင်းခြင်းကို ပိတ်ပင်မှု၊ ဖိအားပေးမှုများလည်း ရှိသည်။
ယင်းသို့ နိုင်ငံတကာ၏ ဖိအားပေးမှုများကို လက်ရှိအစိုးရကလည်း ဖြေရှင်းရန် ကြိုးပမ်းမှု တချို့ လုပ်ဆောင်နေပြီး အခွင့်အရေး ချိုးဖောက်သည့် အလုပ်ရှင်တချို့ကို အရေးယူမှုများရှိကြောင်း၊ တရက်အနိမ့်ဆုံး လုပ်အားခ တိုးပေးရန် စီစဉ်မှုသည်လည်း နိုင်ငံတကာ ဖိအားပေးမှုနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများ က ပြောဆိုကြသည်။