အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးသည် အကြမ်းဖက်သမားများကိုသာ ပစ်မှတ်ထားသင့်ပြီး အကြမ်းဖက်ဝါဒကို မည်သည့်ပုံစံဖြင့်မဆို ထောက်ခံ၊ အားပေးခြင်း သို့မဟုတ် ဘဏ္ဌာရေးထောက်ပံ့နေသော အဖွဲ့အစည်းများနှင့် နိုင်ငံများကို ဖော်ထုတ်သင့်ကြောင်း မြန်မာနှင့် အိန္ဒိယနိုင်ငံ ခေါင်းဆောင်များက ပြောဆိုထုတ်ပြန်ခဲ့သည်။
မြန်မာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၃ ရက်ကြာ အိန္ဒိယခရီးစဉ်တွင် အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒြာမိုဒီနှင့် ပူးတွဲ၍ ကိုုယ်စားလှယ်အဖွဲ့အဆင့် ဆွေးနွေးပွဲအပြီး ထုတ်ပြန်သောပူးတွဲကြေညာချက်တွင် ယင်းသို့ဖော်ပြခဲ့သည်။
လွန်ခဲ့သောလက ဂျမူးကက်ရှ်မီးယားမှ ယူရီတွင်ဖြစ်ပွားသည့် အိန္ဒိယစစ်သား ၁၉ ဦးသေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချပြီး အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများသို့ နက်ရှိုင်းသော ဝမ်းနည်းကြေကွဲရမှုအား ဖော်ပြခဲ့သည်။ ဝန်ကြီးချုပ်မိုဒီကလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်စခန်း ၃ ခုအား မကြာသေးမီက လက်နက်ကိုင်တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ထိုတိုက်ခိုက်မှုများအတွင်း အသက်ဆုံးရှုံးခဲ့ရသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအပေါ် သူ၏ လေးနက်သောကရုဏာကို ဖော်ပြခဲ့သည်။
အကြမ်းဖက်ဝါဒသည် ပထမဆုံး အဓိကအားဖြင့် လူ့အခွင့်ချိုးဖောက်မှုတခုဖြစ်ပြီး အပြစ်ကင်းသူများအား ထိခိုက်ဖျက်ဆီးနေသော အကြမ်းဖက်သမားများအား ထောက်ခံခြင်း၊ ဘဏ္ဍာ ငွေပံ့ပိုးခြင်း၊ ရုပ်ဝတ္တုအကူအညီပေးခြင်း သို့မဟုတ် လေ့ကျင့်သင်တန်းပေးခြင်းအတွက် မည်သည့်ဆင်ခြေမျှ တရားမျှတမှုမရှိ ဟုလည်း ကြေညာချက်တွင်ဖော်ပြထားသည်။
“နှစ်နိုင်ငံလုံးက မည်သည့်ပုံစံ လက္ခဏာရှိသော အကြမ်းဖက်ဝါဒကိုမဆို မည်သည်နေရာတွင်မဆို မည်သူက မည်သူ့ကိုမဆို ကျူးလွန်သော အကြမ်းဖက်လုပ်ရပ်၊ နည်းလမ်းနှင့် အလေ့အထများကို ဆန့်ကျင်ပြီး အကြမ်းဖက်ဝါဒ တိုက်ဖက်ရေးသည် အကြမ်းဖက်သမားများကိုသာ ပစ်မှတ်ထားသင့်ကာ အကြမ်းဖက်ဝါဒကို မည်သည့်ပုံစံဖြင့်မဆို ထောက်ခံ အားပေးခြင်း သို့မဟုတ် ဘဏ္ဌာရေး ထောက်ပံ့နေသော အဖွဲ့အစည်းများနှင့် နိုင်ငံများကို ဖော်ထုတ်သင့်ကြောင်း သဘောတူသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံလုံးက လက်ရှိ ကုလသမဂ္ဂတွင် ညှိနှိုင်းဆွေးနွေးနေသော နိုင်ငံတကာအကြမ်းဖက်ဝါဒဆိုင်ရာ ဘက်စုံသဘောတူညီချက်- Comprehensive Convention on International Terrorism – ကို အလျှင်အမြန် နောက်ဆုံးအပြီးသတ် အတည်ပြုရေးကို တောင်းဆိုခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ်တွင် သူပုန်များက ခြုံခိုတိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၁၈ ယောက် ကျဆုံးအပြီး အိန္ဒိယစစ်တပ်က အထူးကွန်မန်ဒိုစစ်ဆင်ရေး ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ အိန္ဒိယတီဗီလိုင်းတခုနှင့် အမေးအဖြေ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ၏ နှလုံးရည်တိုက်ပွဲနှင့် ယှဉ်ပြီး “အထူးစစ်ဆင်ရေးတွေ အားလုံးဟာ လက်ခံနိုင်ဖွယ်ဖြစ်တယ်ဆိုပြီး ကျမတို့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်သင့်တယ်လို့ ကျမ မထင်ပါဘူး။ ကျမတို့ ဒီဖြစ်ရပ်တွေကို တမှုချင်းစီ ကိုင်တွယ်ကြည့်ရှုရပါမယ်။ မဟုတ်ရင် တိုက်ခိုက်စစ်ဆင်မှု အားလုံး လက်ခံနိုင်စရာချည်းပဲဆိုပြီး ဆုံးဖြတ်လိုက်မယ့် အမှားအယွင်း ဖြစ်လာလိမ့်မယ်”ဟု ပြောဆိုသည်။
ထို့ပြင် “ဘယ်လို အကြမ်းဖက်မှု ပုံစံမျိုးကိုမှ လက်မခံနိုင်ပါဘူး။ အကြောင်းက အကြမ်းကိုင်ပြီး ကျမတို့ ကမ္ဘာကို ပြောင်းလဲလို့ မရပါဘူး။ အကြမ်းဖက်ဝါဒဆိုတာ ကျမတို့ ဘယ်လိုမှ သည်းခံလို့ မရတဲ့ ဒါမှမဟုတ် ကြီးထွားခွင့် မပေးရမယ့် အရာပါ”ဟု ပြောဆိုသလို “အကြမ်းဖက်တာကို ယုံကြည်မှု၊ အကြမ်းဖက်မှုဟာ ရှင် သွားချင်ရာ ဘယ်ကိုမဆို ရောက်အောင် သွားနိုင်မယ်လို့ ယုံကြည်မှု၊ ဒါကို ကျမတို့ သီးခြားခွဲထုတ်ဖို့ လိုတယ်။ ဒါဟာ ကျမတို့ တိုက်ခိုက်ချေဖျက်ရမယ့် သီးခြားခွဲထုတ်ထားရမယ့် အကြမ်းဖက်မှုဖြစ်တယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ အသီးသီးအကြား ဆက်လက်ညှိုနှိုင်းဆောင်ရွက်ရေးနှင့် တနိုင်ငံ၏ နယ်မြေကို အသုံးပြုပြီး အခြားတနိုင်ငံအပေါ် ရန်ပြုလှုပ်ရှားရန် သူပုန်များကို ခွင့်မပြုရေး သံမဏိရှည်ကြာသော ကတိကဝတ်သည် နယ်စပ်ဒေသတလျှောက်တွင် နေထိုင်ကြသော ပြည်သူများ၏ ဘဝသာယာစိုပြေရေး အတွက် အဓိကကျသည်ဟူသော အမြင်ဖလှယ်ရေးကိုလည်း နှစ်နိုင်ငံသဘောတူကြသည်။
စီးပွားရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြားသောကိစ္စများအတွက် ကုန်းတွင်းနယ်နမိတ်တလျှောက်မှ ပြည်သူများ လွယ်ကူစွာ စည်းမျဉ်းကိုက်ညီစွာ သွားလာနိုင်ရေး အတွက် Tamu-Moreh နှင့် Rhi-Zowkhathar နယ်စပ်စခန်း များတွင် လူဝင်မှုကြီးကြပ်ရေးဌာနများ ထူထောင်ရေးကို သံတမန်နည်းလမ်း မှတဆင့် ညှိုနှိုင်းဆွေးနွေးရန် အိန္ဒိယနှင့်မြန်မာတို့ သဘောတူကြသည်။
တချိန်တည်းတွင် အိန္ဒိယနိုင်ငံသည် ရဲတပ်ဖွဲ့လေ့ကျင့်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့် သေမှုသေခင်းစစ်ဆေးရေး။ ဆိုက်ဘာလုံခြုံရေးအပါအဝင် လေ့ကျင့်ရေးလက်စွဲစာစောင်များ ပြုစုရေးအတွက်ကျွမ်းကျင်မှုဖလှယ်ရေးတို့ အတွက်လည်း မြန်မာကိုကူညီရန် သဘောတူသည်။