ကျေးလက်နေ အမျိုးသမီးများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း အမျိုးသမီး အဖွဲ့များ ကွန်ရက်(မြန်မာ) ၏ ခွဲခြားဆက်ဆံမှု ပပျောက်ရေး ခရီးစဉ် သုတေသနတွင် ဖော်ပြ ထားသည်။
“ကျေးလက် အမျိုးသမီးတွေကို ကျန်းမာရေး လုပ်ပေးနိုင်ဖို့ က အခြေအနေ တော်တော်နည်းတယ်။ ကျေးရွာတိုင်းမှာ အမျိုးသမီးတွေ အတွက် ဆေးပေးခန်းတွေ မရှိဘူး။ ကျေးလက်နေ အမျိုးသမီးတွေက အခွင့်အရေး ဆိုတာ မသိတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာ မသိဘူး”ဟု အမျိုးသမီး အဖွဲ့များ ကွန်ရက်(မြန်မာ) (WON) အဖွဲ့ဝင် ဒေါ်ယဉ်ယဉ်မော် က ပြောသည်။
ကျေးလက်နေ အမျိုးသမီး အများစုသည် ကျောင်းပညာသင်ကြားမှုမှ နုတ်ထွက်ခဲ့ရပြီး ကျေးလက် ဖွံ့ဖြိုးရေးတွင်လည်း အမျိုးသမီးများ ပါဝင်ခွင့်နည်းကြောင်း၊ ကျေးလက်နေအမျိုးသမီး ဦးရေသည် မြို့ပြထက်များသော်လည်း အမျိုးသမီး ဖွံ့ဖြိုးရေးသည် အလွန်နည်းပါးနေကြောင်းလည်း ဒေါ်ယဉ်ယဉ်မော် က ပြောပြသည်။
အဆိုပါ သုတေသနကို တိုင်းနှင့် ပြည်နယ် ၁၀ ခုဖြစ်သည့် ကချင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနသာၤရီတိုင်း ဒေသများရှိ ဒေသခံ ပြည်သူ ၅၀၀ ကို တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်း သုတေသနသည် ၂၀၁၅ ခုနစ် သြဂုတ်လ နှင့် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထို သုတေသနသည် မြန်မာအစိုးရက လက်မှတ်ထိုးထားသည့် အမျိုးသမီးများအပေါ် ခွဲခြားထားမှုများ အားလုံး ပပျောက် ရေး ဆိုင်ရာ သဘာတူစာချုပ် (CEDAW) ၁၆ ချက် မှ ၃ ချက်ဖြစ်သည့် အမျိုးသမီး နှင့် နိုင်ငံရေး ပါဝင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ကျေးလက်နေ အမျိုးသမီးများ ဆိုသည့် အချက်ကို အဓိက ကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုအစီရင်ခံစာကို အမျိုးသမီးအဖွဲ့များကွန်ရက်(မြန်မာ) (WON)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးများ၏ ကျန်းမာရေး ဝန်ဆောင်မှုသည် အလွန်နည်းနေသဖြင့် ကလေးမွေးဖွားရာတွင် အရပ်လက်သည်များ၊ သား ဖွား ဆရာမများကိုသာ အားကိုးနေရကြောင်း၊ အမျိုးသမီးများ နိုင်ငံရေး နယ်ပယ်တွင် ပါဝင်နိုင်ရန်အတွက် အစိုးရက ပံ့ပိုးမှု မရှိကြောင်းလည်း ယင်း သုတေသနတွင် ဖော်ပြထားသည်။
“ကျေးလက်နေ အမျိုးသမီးတွေက ဆေးရရှိုဖို့ ဆေးရုံ ဆေးခန်းနဲ့လည်း အလှမ်းဝေးတယ်။ ကလေးမွေးရင်လည်း အရပ် လက်သည်တွေနဲ့ မွေးနေကြတယ်။ အဲ့ဒါတွေ ဖျောက်ပစ်ဖို့ လိုပါတယ်”ဟု WLB မှ ဒေါ်နှင်းသန္တာဝင်း က ဧရာဝတီ သို့ ပြောသည်။
ယခုနှစ် ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မြို့တွင် ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် ၆၄ ကြိမ်မြောက် CEDAW ကော်မတီ အစည်း အဝေးကို အစိုးရ နှင့် စင်ပြိုင်အစီရင်ခံစာအဖြစ် မြန်မာအမျိုးသမီး လူမှုအဖွဲ့အစည်းများက တင်သွင်းနိုင်ခဲ့ကြောင်း သိရ သည်။
မြန်မာနိုင်ငံ အစိုးရသည့် (CEDAW) သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် စတင်လက်မှတ်ရေးထိုးခဲ့ပြီး ပထမအကြိမ် ကို ၁၉၉၉ ခုနှစ်နှင့် ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂၀၀၇ ခုနှစ်တို့တွင် (CEDAW) ကေ်ာမတီသို့ အစီရင်ခံစာ တင်သွင်း ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတုတ္ထအကြိမ် နှင့် ပဉ္စမအကြိမ် အစီရင်ခံစာကို ပူးတွဲတင်ပြခဲ့ခြင်း ဖြစ်သည်။
CEDAW အစီရင်ခံစာ အချက်အလက်များကို မြန်မာ တနိုင်ငံလုံးရှိ အမျိုးသမီးများထံမှ ၂၀၁၅ ခုနှစ် မတ်လတွင် စတင် ကောက်ယူခဲ့ပြီး ထိုကောက်ယူခြင်းမှ ရရှိလာသည့် အချက်အလက်များကို CEDAW ကော်မတီသို့ ဇွန်လတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တင်သွင်းခဲ့ကြောင်းသိရသည်။