မန္တလေးတိုင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) တိုင်းရုံး အဆောက်ဦးနှင့် မြေနေရာကို တရားမဝင် လွှဲပြောင်း ယူထားသည်ဟုဆိုကာ နိုင်ငံပိုင် အပ်နှံရန်အတွက် နောက်လာမည့် တိုင်းလွှတ်တော်တွင် ထပ်မံတင်ပြဆွေးနွေး သွားမည် ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ရွှေက ပြောသည်။
ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါ မြေနေရာကို ၂၀ဝ၂ ခုနှစ်တွင် သမဝါယမမှ တဆင့် ကြံ့ခိုင်ရေးအသင်းသို့ တရားမဝင် လွှဲပြောင်းခဲ့သဖြင့် နိုင်ငံပိုင် အပ်နှံရန် ယခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော ဒုတိယအကြိမ် မန္တလေးတိုင်း လွှတ်တော်တွင် မေးမြန်းခဲ့သော်လည်း တိုင်းစည်ပင်သာယာရေးဝန်ကြီး၏ တုန့်ပြန်ဖြေဆိုမှုအပေါ် ကျေနပ်မှုမရှိသဖြင့် လာမည့် တိုင်းလွှတ်တော်တွင် ထပ်မံ တင်ပြရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဦးအောင်ရွှေက “အဲဒီအဆောက်အအုံဟာ နိုင်ငံတော်ပိုင် ဖြစ်တာကြောင့် နိုင်ငံရဲ့ အကျိုးစီးပွားအတွက်ဖြစ်အောင်လို့ ကြိုးစားပြီးတော့ တတ်နိုင်တဲ့ဘက်က ဆင့်ကဲဆင့်ကဲ လုပ်ဆောင်သွားရမှာပဲ။ ဒါကြောင့် လာမယ့် တိုင်းလွှတ်တော်တွေမှာ ဆက်လက် တင်ပြသွားမှာပါ။ ဒီလိုတင်ပြ မေးမြန်းဖြစ်တာက နိုင်ငံပိုင်မြေနေရာနဲ့ အဆောက်အဦးတွေကို လွဲပြောင်းကြရာမှာ ဥပဒေနဲ့ အညီဖြစ်စေဖို့ ရည်ရွယ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကြံ့ခိုင်ရေးရုံး အဆောက်အဦးနှင့် မြေနေရာသည် ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် ရှိပြီး ရှေ့မျက်နှာစာ ပေ ၁၅၀ ခန့်ကျယ်ဝန်းပြီး နောက်တွင် ပေ ၂၄၀ ခန့် ကျယ်ဝန်း သည့် အဆိုပါမြေနေရာသည် ၂၀ဝ၂ ခုနှစ် ကပင် ကာလပေါက်ဈေး ကျပ် သိန်း ၅ ထောင်ခန့်ရှိကာ လက်ရှိကာလ ပေါက်ဈေးအရ ကျပ်သိန်းပေါင်း သောင်းချီတန်ကြောင်း သိရသည်။
အဆိုပါရုံးနေရာနှင့် ပတ်သက်ပြီး ပိုင်ဆိုင်မှုအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေအတိုင်း လုပ်ထားပြီးဖြစ်သဖြင့် ပိုင်ဆိုင်မှု ဂရန်ရရှိထားပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အနေဖြင့်လည်း ဂရန်ပေးနိုင်လောက်သည့် အခြေအနေဖြစ်၍ ဥပဒေအတိုင်း ချပေးထားခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌ ဦးဝင်းမောင် က ပြောသည်။
ဦးဝင်းမောင် က “မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအနေနဲ့က ဂရန်ပေးနိုင် လောက်တဲ့ အနေအထားရှိတာမို့လို့ တရားဥပဒေနဲ့အညီ ဂရန်ချထားပေးပြီးဖြစ်တယ်၊ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီမို့သာ ဂရန်ချထားပေးခဲ့တာ ဖြစ်တာကြောင့် ဂရန်လည်း ရှိထားပါတယ်၊ ကျနော်တို့အနေနဲ့ ဒီကိစ္စကို ဖြေရှင်းစရာမလိုဘူးလို့ ထင်လို့ ဖြေရှင်းတာမျိုးတွေ မလုပ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်း ကြံ့ခိုင်ရေးရုံး အဆောက်အဦးနှင့် မြေနေရာ၏ မူလပိုင်ရှင်မှာ ၁၉၆၂ ခုနှစ်က ပြည်ထောင်စုမြန်မာနိုင်ငံ လက်ကား သမဝါယမ အဖွဲ့ချုပ်မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းမြေနှင့် အဆောက်အဦးကို ၂၀ဝ၂ ခုနှစ်တွင် ကြံ့ခိုင်ရေး အသင်းသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ လွှဲပြောင်းရာတွင် ပစ္စည်းလွှဲပြောင်းရေး ဥပဒေအရလည်းကောင်း၊ စာချုပ် စာတမ်းမှတ်ပုံတင် အက်ဥပဒေအရ လည်းကောင်း တရားဝင် နည်းလမ်းတကျ လွှဲပြောင်းမှု မဟုတ်ကြောင်း ဦးအောင်ရွှေ က စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မေးမြန်းမှုအပေါ် မန္တလေးတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ ရဲလွင်က ယင်းမြေကွက်နှင့် ပတ်သက်၍ အမှုတွဲ မှတ်တမ်းများအရ သမဝါယမ ဝန်ကြီးဌာနက ၎င်းမြေကွက်အစား မန္တလေး စက်မှုဇုန်နေရာတွင် ပေ ၁၀ဝ ပတ်လည် မြေကွက် ၄ ကွက်၊ သို့မဟုတ် ပေ ၂၀ဝ ပတ်လည် မြေကွက် တကွက်အား စည်ပင်သာယာသို့ ပေးသွင်းရမည့် မြေကွက်တန်ဖိုး အပါအဝင် အစားထိုးပေးပါက သင့်လျော်မည်ဖြစ်သည်ဟု ပါရှိကြောင်း သို့သော်လည်း တစုံတရာ လွှဲပြောင်းမှု မတွေ့ရှိရဟု ဆိုသည်။
၎င်းမှတ်တမ်းများအရ မြေနေရာ အစားထိုးပေးခြင်း၊ ကာလတန်ဖိုး သတ်မှတ်ပေးချေရန်အတွက် ကြံ့ခိုင်ရေးအသင်းသို့ သမဝါယမ ဝန်ကြီးဌာနက ပေးပို့သည့်စာသာ တွေ့ရပြီး မြေနေရာ အစားထိုးချပေးခြင်း၊ ငွေပေးချေခြင်းများကို မတွေ့ရကြောင်း၊ လက်ရှိ မြေနေရာသည် အမည်ပေါက် ပိုင်ဆိုင် အသုံးပြုနေသည့်အတွက် စည်ပင်အနေဖြင့် နိုင်ငံပိုင်အပ်နှံရေး တောင်းဆိုမှုကို ဆောင်ရွက်ပေး၍ မရကြောင်း ဒေါက်တာ ရဲလွင်က လွှတ်တော်တွင် ဖြေကြားခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဦးအောင်ရွှေ က “မေးခွန်းမေးမြန်းမှုအပေါ်မှာ ဝန်ကြီးက ဘာမှမပါဘဲ ဖြေသွားတယ်၊ စက်မှု (၂) ဘက်မှာ နေရာ ပေးထားတယ်လို့တော့ ပြောတယ်။ နိုင်ငံတော်ပိုင် ပစ္စည်းတခုကို တစုံတဦးတယောက်ကို ပေးမယ်ဆိုရင် နစ်နာကြေး၊ လျှော်ကြေး၊ ဝယ်ရင်လည်း ဝယ်တဲ့ဈေး စတဲ့ဟာတွေ စာချုပ်စာတမ်းမှာပါရမယ်။ စာချုပ်စာတမ်းမှာ တခါ အခွန်ဆောင်ရမယ်။ ဒါတွေကဘမပါဘူးလေ။ ဒါတွေကို ကျနော် ရှာဖွေတယ်၊ မတွေ့ဘူး။ ဒါကြောင့် ကျနော့် အနေနဲ့ လုပ်ဆောင်စရာရှိတာကို ဆက်လက် လုပ်ဆောင်သွားမယ်” ဟု ပြောဆိုထားသည်။
ကြံ့ခိုင်ရေးပါတီက ၎င်းတို့ရုံးကိစ္စနှင့် ပတ်သက်ပြီး ယခုဖြစ်ရပ်အပေါ် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် တိုက်ခိုက်နေသည်ဟု ထင်မြင်ယူဆကြောင်း၊ ထို့ကြောင့် ဖြေရှင်းမှုများ ပြုလုပ်မည်မဟုတ်ကြောင်း ဆိုသည်။
“သူ့အနေနဲ့ ပြည်ထောင်စုအဆင့်ကို တက်ချင်လည်း တက်ပေါ့ဗျာ၊ ဒါက သူ့လုပ်ပိုင်ခွင့်ပါ။ အဲဒီအပေါ်မှာတော့ ဘာမှ မပြောလိုပါဘူး၊ ပြောချင်တာ တခုကတော့ သမဝါယမကနေ ထိုစဉ်အခါက ဘာကြောင့် လွဲပေးရတယ်ဆိုတဲ့ အထောက်အထားတွေ၊ အစားထိုး မရပါဘူးဆိုတဲ့ အချက်အလက်တွေနဲ့ ဒီနေ့အချိန်မှာ တရားဝင်ပြောရင်တော့ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါပဲ၊ အခုအချိန်အထိ မပြောဘူးဆိုမှတော့ ရသင့်ရထိုက်တာကို ရထားလို့သာ မပြောဘဲ နေတာပေါ့ဗျာ၊ ဒါကို ကြားကနေ မြင်းကမလှုပ် ခုံက ဘာကြောင့်လှုပ်နေရတာလဲ ဆိုတာတော့ စဉ်းစားလို့ မရနိုင်အောင်ပါပဲ” ဟု ဦးဝင်းမောင်က ပြောသည်။