ပုသိမ်မြို့အနောက်တောင်ဘက် မိုင် ၃၀ဝ ခန့်အကွာသို့ ရောက်ရှိနေသည့် မုန်တိုင်းအန္တရာယ်ကို သတိပြုကြရန် ပုသိမ်၊ ဖျာပုံနှင့် လပွတ္တာခရိုင်တို့ရှိ မြို့နယ်များအားလုံးတွင် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
“ကမ်းရိုးတန်း ဒေသတွေ၊ ဖျာပုံခရိုင်၊ ပုသိမ်ခရိုင်နဲ့ လပွတ္တာခရိုင်က ဌာနဆိုင်ရာအားလုံးကို မုန်တိုင်း သတိပေးချက် ပေးပို့ထားပါတယ်။ ပြည်သူလူထုကိုလည်း မုန်တိုင်းအန္တရာယ်က လွတ်ကင်းမယ့် လုံခြုံတဲ့နေရာ ရွှေ့ပြောင်းနေဖို့ သတိပေးတာတွေ လုပ်ဆောင်ထားပါတယ်။ ကူညီကယ်ဆယ်ရေး အပိုင်းမှာဆိုရင်လည်း ဆန်ရိက္ခာ အလုံအလောက် စုဆောင်းထားရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ဧရာဝတီကို ပြောသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေပြီး မြန်မာ့ ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျား နေသည့် မုန်တိုင်းငယ်မှာ နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲရောက်ရှိနိုင်ကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတို့မှာ မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နေမည် ဖြစ်ကြောင်း၊ မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နေချိန်တွင် အဆိုပါဒေသများ၌ လေတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၃၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
အောက်တိုဘာ ၂၄ ရက် နံနက် ၆ နာရီခန့်အချိန်တွင် အဆိုပါမုန်တိုင်းမှာ ဟိုင်းကြီးကျွန်းအနီးသို့ ချဉ်းကပ် လာနိုင်ပြီး ၎င်းအချိန်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ ၁ နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ ရှိနိုင်ကြောင်း၊ မုန်တိုင်း ကာလအတွင်း မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း တလျှောက်တွင် လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၅ ပေခန့်အထိ ရှိနိုင်ကြောင်းနှင့် ၁ နာရီလေတိုက်နှုန်း မိုင် ၄၀ မှ ၆၀ အတွင်း တိုက်ခတ်ပါက မုန်တိုင်းဒီရေ အမြင့်မှာ အနည်းဆုံး ၁ ပေမှ အများဆုံး ၃ ပေအထိသာ တက်နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ထုတ်ပြန်ထားသည်။
ပုသိမ်၊ မြောင်းမြ၊ ဖျာပုံနှင့် လပွတ္တာခရိုင်တို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်နှင့် ကုန်တင်ရေယာဉ် အားလုံး အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်အတွင်း လိုအပ်ပါက ထွက်ခွာခွင့်မပေးဘဲ ရပ်နားရန် ညွှန်ကြားထားကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းမန်နေဂျာ ဦးရန်နောင်ကျော်က ပြောသည်။
“မိုးလေဝသ ထုတ်ပြန်ချက် အားလုံးကို ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်နဲ့ လပွတ္တာခရိုင်တွေဆီက ရေယာဉ်ကြီးကြပ်မှု ကော်မတီတွေဆီကို အချိန်နဲ့တပြေးညီ တောက်လျှောက် ပေးပို့နေတယ်။ လိုအပ်ရင် ရေယာဉ်အားလုံး ထွက်ခွာခွင့် မပေးဖို့ ဆိုတာမျိုးလည်း ညွန်ကြားထားပါတယ်။ အဓိကတော့ မုန်တိုင်းအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ လက်ရှိ လိမ္မော်ရောင်အဆင့်ကနေ အနီရောင်အဆင့် ဖြစ်တာနဲ့ ရေယာဉ်အားလုံး ထွက်ခွင့် ပိတ်ထားမှာပါ” ဟု သူက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀ဝ၈ ခုနှစ် မေလ ၂ ရက်နေ့က နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့သည့်အတွက် လူပေါင်း ၁ သိန်း ၅ သောင်းကျော် သေဆုံးခဲ့ပြီး မြန်မာနိုင်ငံတွင် အဆိုးဝါးဆုံး သဘာဝဘေးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။