ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းဗဟိုချက်မှာ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ရောက်ရှိနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည့်အတွက် ဟိုင်းကြီးကျွန်းအခြေစိုက် ရေတပ်နှင့် ဒေသအာဏာပိုင်များက ကြိုတင်သတိပေးချက်များ ထုတ်ပြန်နေကြောင်းသိရသည်။
မိုးလေဝသနှင့် ဇလဗေဒဌာနကလည်း ယနေ့နံနက် ၁၁း၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာ့ကမ်းရိုး တန်း(မြစ်ဝကျွန်း ပေါ်)နှင့် နီးကပ်လာသည့်အတွက် ဆီသို့ ဦးတည်ရွေ့လျားလျှက်ရှိနေပြီးအနီရောင် အဆင့် သတ်မှတ်ထား ကြောင်း သတင်းထုတ် ပြန်ထားသည်။
“ကျနော်တို့ဆီမှာ မနက်ပိုင်းကတော့ မိုးဖွဲဖွဲရွာပြီးတော့ အခု နေ့လည်ပိုင်းမှာ မိုးမရွာတော့ဘူး။ လေလည်း မတိုက်တော့ဘူးဖြစ်နေတယ်။ မြို့က အုပ်ချုပ်ရေးဌာနနဲ့ စစ်တပ်ကတော့ မုန်တိုင်းသတိပေးချက် တွေ မြို့ထဲမှာ လော်စပီကာနဲ့ လိုက်အော်နေတယ်။ကမ်းနားဘက်ခြမ်းကမိသားစုတွေကတော့ အထုပ်အပိုးပြင်ပြီး ကုန်းမြင့်ရာတွေကို ရွှေ့တဲ့လူတွေလည်း ရွှေ့ကုန်ပြီ”ဟု ဟိုင်းကြီးကျွန်းမြို့ခံ ကိုဌေးဝင်းဇော်က ပြောသည်။
ပုသိမ်မြို့ပေါ်တွင် ဆွေမျိုးများရှိသူ၊ နေအိမ်ရှိသူ ဟိုင်းကြီးဒေသခံတချို့မှာ မုန်တိုင်းဖြစ်မည့် သတင်းကြောင့် ပုသိမ်သို့ ခေတ္တာသွားရောက်နေထိုင်ကြပြီး မုန်တိုင်းဘေးရှောင်တိမ်းကြသည်များလည်း ရှိကြောင်း ဟိုင်းကြီးဒေသခံများက ပြောသည်။
ကမ်းနားလမ်းနေ ကိုအောင်နိုင်ဝင်းက “ငါးဖမ်းစက်လှေတွေအကုန်လုံး ပင်လယ်ထဲက ပြန်လာကြပြီ။ ဒီနေ့ ငါးဖမ်းမထွက်ဘဲ ကမ်းမှာပဲ နားနေကြ တယ်။ ကျနော်တို့ကတော့ အဝတ်အစားတွေ၊ အစားအစာတွေ ထုပ်သင့်တာထုပ်၊ သိမ်းသင့်တာ သိမ်းပေါ့။ မီးတွေဘာတွေ ပျက်မယ်ဆိုတော့ ဒိုင်နမိုတွေကို ရေလွတ်တဲ့နေရာရွှေ့ထားတာတွေ လုပ်ထားတယ်”ဟု ပြောသည်။
မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း မုန်တိုင်းဗဟိုချက်မှာ မြန်မာ့ကမ်းရိုးတန်းနှင့် အနီးဆုံးနေရာ ဖြစ်သည့် ဟိုင်းကြီးကျွန်းအနောက်ဘက် ရေပြင်ပေါ်သို့ အောက်တိုဘာ ၂၄ ရက် နံနက် ၆ နာရီခန့်တွင် ရောက် ရှိနိုင်ကြောင်းနှင့် အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၃၀ မှ ၄၀ ခန့်အထိ ရှိနိုင်ပြီး၊ ဗဟိုချက်အနီးတွင် တနာရီ မိုင် ၄၀ခန့်နှင့် မုန်တိုင်းစက်ကွင်းအဆုံးတွင် တနာရီမိုင် ၃၀ ခန့် ရှိနိုင်ကြောင်း ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
မုန်တိုင်းဗဟိုချက်မှာ ဟိုင်းကြီးကျွန်းအနီး ရောက်ရှိနိုင်သည့်အပြင် မုန်တိုင်းစက်ကွင်းမှာ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ အိမ်မဲ၊ မော်လမြိုင်ကျွန်း၊ သာပေါင်းစသည့် ဒေသများသို့ ကျရောက်နိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အမြင့် ၁ ပေခန့်ရှိသည့် ပင်လယ်ဒီရေတက်ရောက်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
မုန်တိုင်းကာလဟု ခန့်မှန်းထားသည့် အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အတွင်း ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေသည့် ရေယာဉ်များအားလုံးနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းယာဉ်များအားလုံး ရပ်နားထားရန် ညွန်ကြားထားကြောင်းနှင့် မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုများအား ကူညီကယ်ဆယ် မှုများလုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဟိုင်းကြီး အခြေစိုက် ရေတပ်မှ မိသားစုဝင်များ၊ ဟိုင်းကြီးကျွန်းတဝိုက်မှ ဒေသခံများသေဆုံးမှုတချို့ရှိခဲ့ပြီး အိုးအိမ်တိုက် တာ၊ စီးပွားရေးလုပ်ငန်းအမြောက်အမြား ဆိုးဝါးစွာထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။