ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ ဇလွန်ပြည်တော်ပြန်ဘုရားပေါ်၌ မွေးကင်းစ ၅ ရက်သား ကလေးငယ်ကို စွန့်ပစ်ခဲ့ သည့် အမျိုးသမီး ၂ ဦးအား ဇလွန်မြို့နယ်ရဲတပ်ဖွဲ့က CCTV ရုပ်သံမှတ်တမ်းများကို အခြေခံ၍ လိုက်လံ ရှာဖွေနေကြောင်း သတင်းရရှိသည်။
ဇလွန်ပြည်တော်ပြန်ဘုရား ဂန္ဓကုဋီတိုက် အပြင်ဘက်တွင် ယခုလ ၁၉ ရက်နေ့ ညနေပိုင်းက “သီတင်းကျွတ်လ ဆန်း ၁၄ ရက်၊ စနေသား ၂၀၁၆၊ (၁၀) လပိုင်း၊ ၁၅ ရက်၊ ထိုက်သူယူ” ဟု ရေးသားထားသည့် စာတစောင်၊ အနှီး ၃ ထည်နှင့်အတူ စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးငယ်တဦးကို မြို့ခံများက တွေ့ရှိ၍ ဘုရားဂေါပကနှင့် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူ များကို အကြောင်းကြားခဲ့ကြောင်း၊ ဘုရားတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကို ပြန်လည်ကြည့်ရှုခဲ့ရာ အမည်မ သိ အမျိုးသမီး ၂ ဦးမှ လာရောက်စွန့်ပစ်ခဲ့သည်ကို တွေ့ရှိရ၍ အဆိုပါ အမျိုးသမီး ၂ ဦး ဓာတ်ပုံများကို နယ်မြေရဲကင်းများ ထံဖြန့်ဝေကာ လိုက်လံရှာဖွေနေကြောင်း ဇလွန်မြို့မ စခန်းမှူး ဒုရဲမှူး ကျော်တင့်မှ ဧရာဝတီကို ပြောသည်။
“ကလေးစွန့်ပစ်ခဲ့တဲ့အမျိုးသမီး ၂ ယောက်က ရန်ကုန် – ဟင်္သာတကား စီးပြီး ဇလွန်မှာ ဆင်းတယ်။ ဘယ်က လာတာလဲ တော့ မသိရဘူး။ ပြီးတော့ ဘုရားပေါ်မှာ ကလေးကို စွန့်ပစ်ထားခဲ့ပြီးတော့ မြစ်တဖက်ကမ်းကို ကူးပြီး ခရီးဆက်သွားတယ်။ ကျနော်တို့ကတော့ ဒီအမျိုးသမီး ၂ ယောက် ဓာတ်ပုံတွေကို ဇလွန်မြို့ တဖက်ကမ်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကိုပါ ပေးပို့ပြီး ရှာဖွေနေတယ်။ ရှာတွေ့ရင်တော့ ကလေးစွန့်ပစ်မှုနဲ့ အမှုဖွင့် အရေးယူမယ်”ဟု သူက ပြောသည်။
ဘုရားပေါ်တွင် စွန့်ပစ်ခံရသည့်ကလေးငယ်အား ဇလွန်မြို့နယ်ဆေးရုံမှ ဆေးရုံအုပ်ကြီးက တာဝန်ယူ စောင့်ရှောက်ထားပြီး လူမှုဝန်ထမ်းဌာနသို့ ကလေးငယ်အား လွဲှပြောင်းပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။
“ကလေးကိုတော့ မြို့နယ်ဆရာဝန်ကြီးက ဆေးရုံမှာ စောင့်ရှောက်ပေးထားတယ်။ ဆေးရုံမှာက မီးဖွားပြီးသား မိခင်တွေရှိ နေတော့ အဲဒီမိခင်တွေက ဝိုင်းဝန်းနို့တိုက်တာတွေ လုပ်ပေးကြပါတယ်။ ကလေးကိုတော့ လူမှုဝန်ထမ်းဌာနကို ပေးအပ် ထားတယ်။ မကြာခင် ဌာနက လာခေါ်မယ်လို့ သိရပါတယ်။ အရွယ်မရောက်သေး ဘာမှမသိသေးတဲ့ မွေးကင်းစကလေးကို စွန့်ပစ်တယ်ဆိုတာက တကယ့်ကို ရက်စက်လွန်းပါတယ်။ လုံးဝကို မလုပ်သင့်တဲ့ကိစ္စပါ”ဟု ဇလွန်မြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလင်းနိုင်ထွန်းက ပြောသည်။
ဇလွန်ပြည်တော်ပြန်ဘုရားပေါ်တွင် ကလေးစွန့်ပစ်သည့်ဖြစ်စဉ်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။