ကြားဖြတ် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများအထိ ဆင်း၍ Door to Door (အိမ်တိုင်ရာရောက်စနစ်) ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“မဲစာရင်းကို Door to Door ဆင်းပြီး ဖြည့်စွက်စရာရှိလား၊ ပယ်ဖျက်စရာရှိလားအိမ်ထောင်ဦးစီးကို မေးမယ်။ဒီလူက ကျန်ခဲ့တယ်ဆိုရင်လည်း အထောက်အထားနဲ့ ထည့်မယ်။ ဒါကြောင့် Door to Door သွားမယ်လို့ ပြောတာ” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့က နေပြည်တော်တွင် အစိုးရသစ်လက်ထက် အသစ်ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီးနောက် ပါတီများကလည်း မဲစာရင်းကောက်ယူရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် နိုင်ငံရေးပါတီများ ပါဝင်ခွင့် မရရှိခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို ပြန်လည် ဆွေးနွေးခဲ့ကြသည်။
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက “မဲစာရင်းမှန်ကန်ရေး Door to Door ဆောင်ရွက်သွားမှာကို ကြိုဆိုပါတယ်။ ဒါပေမယ့် မဲစာရင်းက အုပ်စုတွေကိုပဲ ရောက်တယ်။ မဲစာရင်းမှာ ပါ၊ မပါ ကျေးရွာ ပြည်သူများ မသိနိုင်ပါဘူး။ အဲဒါကြောင့် ကျေးရွာတိုင်းမှာ မဲစာရင်း ပြုစုပေးဖို့ တောင်းဆိုပါတယ်” ဟု ဆွေးနွေးပွဲတွင် ပြောသည်။
ကော်မရှင်နှင့် နိုင်ငံရေးပါတီများသည် ဥပဒေအရ ချိတ်ဆက်ထားသည့် အဖွဲ့များ ဖြစ်ကြောင်း၊ ထို့ကြောင့် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် ဖြစ်သင့်ပြီး အနည်းဆုံး တနှစ်လျှင် ၃ ကြိမ်ခန့် တွေ့ဆုံသင့်ကြောင်း ၎င်းက အကြံပြုသည်။
အတိုက်အခံ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကမူ မဲဆန္ဒရှင်များသည် တံဆိပ်တုံး နှိပ်ခြင်းအစား အမှတ်ခြစ်ခြင်းကို ပိုမိုကျွမ်းကျင်သဖြင့် ယင်းစနစ်ကို ပြန်လည် ကျင့်သုံးသင့်ကြောင်း၊ မဲစာရင်း ပြုစုရာတွင် အက္ခရာစဉ်အလိုက် တကွဲတပြား ပြုစုမည့်အစား အိမ်ထောင်ဦးစီးကို ထိပ်ဆုံးသို့ တင်၍ မိသားစုအလိုက် ပြုစုသင့်ကြောင်း အကြံပြုသည်။
USDP ပါတီ ဗဟိုအတွင်းရေးမှူး ဦးကျော်ကျော်ဌေးက “ကျနော်တို့ကတော့ နိုင်ငံရေးပါတီ တခုအနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်အောင် ပူးပေါင်းပါဝင် သွားပါမယ်” ဟုပြောသည်။
ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အမှားအယွင်းနည်းသည့် တံဆိပ်တုံးထုသည့် စနစ်ကိုသာ ဆက်လုပ်သွားမည် ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ဦးလှသိန်းက မီဒီယာများသို့ ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်နေရာ စုစုပေါင်း ၁၈ နေရာကြေညာပြီးမှ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်ညောင်ရွှေ ပြည်နယ်လွှတ်တော်က အမတ်တဦး ကွယ်လွန်သွားသောကြောင့် စုစုပေါင်း ၁၉ နေရာ ဖြစ်သွားကြောင်း UEC က ပြောသည်။
ဦးလှသိန်းက “အရင်က ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ၃ လပဲ ကြိုတင်ကြေညာတာပါ။ အခုက နိုင်ငံရေးပါတီတွေရော CSO တွေကရော လနည်းရင် စည်းရုံးရေး ဆင်းရတာ အခက်အခဲရှိတယ်ဆိုလို့ နိုင်ငံရေးပါတီတွေအတွက် လုပ်ရကိုင်ရတာ အဆင်ပြေအောင်၊ စည်းရုံးရေး အဆင်ပြေအောင်၊ ကိုယ့်ရဲ့ ပါတီလုပ်ငန်းတွေ လုပ်ကိုင်ရတာ အဆင်ပြေအောင် စောပြီးကြေညာပေးတာဖြစ်ပါတယ်” ဟု ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်၍ တည်ငြိမ်အေးချမ်း၍ လုံခြုံရေးပေးနိုင်သည့် နေရာအားလုံးတွင် ကျင်းပရန် စီစဉ်နေကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ခွင့်တို့နှင့် ပတ်သက်၍လည်း အပြောင်းအလဲ မလုပ်ဘဲ ဆက်လက် ကျင့်သုံးသွားမည်ဟု သိရသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးသို့ ပါတီပေါင်း ၈၈ ပါတီသို့ ဖိတ်ကြားခဲ့ပြီး ၆၇ ပါတီတက်ရောက်ခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။