ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို လမ်းမများ၌ တောင်းစားခိုင်းပြီး အကျိုးအမြတ်ရှာသော ဂိုဏ်းများကို စီမံချက်ဖြင့် နှိမ်နင်းသွားရန် စီစဉ်နေပြီ ဖြစ်သည်။
ထိုသို့ အားနည်းသူများအား အဓ္ဓမ တောင်းစားခိုင်းခြင်းကို အရေးယူရန် စီမံချက်တစ်ခုကို ပြီးခဲ့သည့်လက အပြီးသတ်ရေးဆွဲခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးကြည်၏ အဆိုအရ သိရသည်။
ကနဦး ဆောင်ရွက်ချက်အဖြစ် ထိုစီမံချက်ကို မြန်မာနိုင်ငံ၏ မြို့ကြီးနှစ်ခုဖြစ်သော ရန်ကုန်နှင့် မန္တလေးမြို့များတွင် နေရာ ၆ ခု၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးစိုးကြည်က ပြောသည်။
ရန်ကုန်မြို့၌ ရန်ကုန်ဘူတာကြီး၊ ပန်းဆိုးတန်း၊ ဒလ၊ ဒညင်းကုန်းဈေး၊ အောင်မင်္ဂလာ အဝေးပြေးကွင်းနှင့် သီရိမင်္ဂလာဈေးတို့ ပါဝင်သည်။
မန္တလေးမြို့တွင် ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ အောင်မြေသာစံနှင့် အမရပူရ မြို့တိုကို ရွေးချယ်ထားသည်။
ဒေသတခုစီတွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်၊ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သော မိုဘိုင်းအဖွဲ့များကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဦးစိုးကြည်က ပြောသည်။
“အတင်းအဓမ္မ တောင်းစားခိုင်းခြင်းနဲ့ ပတ်သတ်ပြီးတော့ ပညာပေး အစီအစဉ်တခုကိုလည်း စလုပ်နေပါပြီ”ဟု ၎င်းကဆိုသည်။
“မိုဘိုင်းအဖွဲ့တွေက ရွေးချယ်ထားတဲ့ နေရာတွေက ရပ်ကွက်အုပ်ချုပ်ရေမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နောက်ကွယ်က ကြိုးကိုင်နေတဲ့ သူတွေကို ဖော်ထုတ်ပြီး အရေးယူသွားမှာပါ”ဟု ဦးစိုးကြည်က ပြောသည်။
စီမံချက်အတွင်း လမ်းပေါ်ရောက် ကလေးသူငယ်များနှင့် ဘိုးဘွားများကို မိသားစုနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် ကူညီခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အိမ်မရှိသော ကလေးများအတွက် ကျောင်းထားပေးခြင်း၊ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများ ပေးခြင်းနှင့် အသက်အရွယ်ကြီးသူများကို ဘိုးဘွားရိပ်သာများသို့ ပို့ပေးခြင်းများတို့ကိုပါ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဦးစိုးကြည်က ပြောသည်။
ကလေးသူငယ်များကို ကာကွယ်ရေးအတွက် ဆောင်ရွက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် World Vision Myanmarမှ protection manager ဒေါ်ဝင်းပပသန်းက အားနည်းတဲ့ ကလေးငယ်များနှင့် ဆင်းရဲသော မိသားစုများကို ခုတုံးလုပ်ပြီး လမ်းမများပေါ်တွင် တောင်းစားခိုင်းခြင်းဖြင့် အမြတ်ထုတ်မှုများရှိနေကြောင်း ပြောသည်။
“အိပ်ဆေးကျွေးထားတယ်လို့ ယူဆရတဲ့ တချိန်လုံး အိပ်နေတဲ့ ကလေးတွေကို ဗန်းပြပြီး တောင်းနေတာမျိုးတွေ၊ ကလေးကို တောင်းခိုင်းထားပြီး ကလေးမိဘတွေက အိပ်နေတာမျိုးတွေကို တွေ့နေရတယ်”ဟု ဒေါ်ဝင်းပပသန်းက ပြောသည်။
“အစိုးရက ကလေးငယ်တွေကို အသုံးချပြီး အမြတ်ထုတ်နေတဲ့ သူတွေကို အရေးယူမယ်ဆိုတာ ကြားရတဲ့အတွက် ကျမဝမ်းသာပါတယ်” ဟု ဒေါ်ဝင်းပပသန်းက ပြောသည်။
တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာမှ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုက အဆိုပါ အစီအစဉ်အတွက် အရေးပါပြီး ဒေသခံများမှ နိုးကြားစွာဖြင့် အာဏာပိုင်များနှင့်အတူ ကြိုးကိုင်သူများကို ဖော်ထုတ်ရန်လိုကြောင်း ၎င်းက ပြောသည်။
“ကလေးတွေနဲ့ ကလေးမိဘတွေကို အနောက်က ဂိုဏ်းတွေကို ခြေရာခံဖို့ ဖွင့်ပြောခိုင်းဖို့ကမလွယ်ဘူး။ မေးတာမျိုးမဟုတ်ဘဲ အာဏာပိုင်တွေအနေနဲ့ အဲဒီဂိုဏ်းတွေကို သေသေချာချာ စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်”ဟု ဒေါ်ဝင်းပပသန်းကပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးစိုးကြည်က တောင်းစားခြင်းကို အမြစ်ပြတ်ဖြေရှင်းရန် ခက်ခဲသော်လည်း ထိုအရေအတွက် လျှော့ချရန် ရည်ရွယ်ကြောင်း ပြောသည်။
“ဒီကနဦး အစီအစဉ်မှာ အဲဒီဂိုဏ်းတွေကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့ လုပ်သွားမှာပါ။”ဟု ဦးစိုးကြည်က ပြောသည်။
မြန်မာနိုင်ငံ၏ ၁၉၉၃ခုနှစ် ကလေးသူငယ်ဥပဒေတွင် ပုဒ်မ ၆၆(ဂ)အရ ကိုယ်ကျိုးစီးပွားအတွက် ကလေးသူငယ်အား တောင်းရမ်းခိုင်းခြင်း၊ မိမိအုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ် တောင်းရမ်းစားသောက်နေသည်ကို တားဆီးရန် ပျက်ကွက်ခြင်းနှင့် မိမိတောင်းရမ်းစားသောက်ရာတွင် ကလေးသူငယ်ကို တနည်းနည်းဖြင့် အသုံးပြုခြင်းနှင့် စပ်လျဉ်းသော အပြုအမှုများအတွက် ထိုသူကို ထောင်ဒဏ် ၂နှစ် သို့မဟုတ် ငွေဒဏ် ၁သောင်းကျပ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်ရမည်ဟု ဖော်ပြထားသည်။