ရန်ကုန်မြို့ရှိ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်သော ကားများကို အာဏာပိုင်များက ဒဏ်ရိုက် အရေးယူရန် ကရိန်းကားများဖြင့် ဆွဲယူသောအခါ ထိခိုက်ပျက်စီ်းမှုများ ရှိနေသော်လည်း မည်သူမှ တာဝန်မယူပေ။
ရန်ကုန်တွင် ကားရပ်ခွင့် တားမြစ်ထားသော ၁၄၄ လမ်း ရှိပြီး အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့ အပါအဝင် ကားပါကင် ၂ ထပ် မရပ်ရန် တားမြစ်ထားကြောင်း ယာဉ်ထိန်း ဒုရဲမှူး ဦးအောင်ကိုဦး၏ ပြောဆိုချက်အရ သိရသည်။
ယင်းစည်းကမ်းများကို ချိုးဖောက်သော ကားများတွေ့ရှိပါက မြေနီကုန်းမြို့နယ်ရှိ ရှင်စောပုလမ်း ကားရပ်နားကွင်းသို့ ချက်ချင်း ဆွဲသွားပါသည်။ ကားပိုင်ရှင်များသည် စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ငွေ ၂ သောင်းခွဲ ပေးဆောင်ရပြီး အဆိုပါကားကို ဆွဲသွားသော ကရိန်းကား ဝန်ဆောင်မှုအတွက် ငါးသောင်းကျပ် ထပ်မံပေးဆောင်ရပါသည်။
ကားပိုင်ရှင်များက ယာဉ်ထိန်းတာဝန်ရှိသူများနှင့် ဖြစ်ပွားခဲ့သော အတွေ့အကြုံဆိုးများကို ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
Filmmaker ကိုသက်ဦးမောင်က ရန်ကင်းမြို့နယ်အတွင်း သူ၏ကား သိမ်းယူခံခဲ့ရစဉ် ကားဆွဲသော ဝန်ဆောင်ခ အပါအဝင် စုစုပေါင်း ၇ သောင်းခွဲပေးဆောင်ခဲ့ရကြောင်း ပြောပြပါသည်။ သို့သော် သူ့ ကားကိုပြန်ရွေးပြီးသည့်အခါ ကားဘီးအောက်ပိုင်းမှ အသံကြားသဖြင့် ကားဝပ်ရှော့သို့ အပ်ခဲ့ရာ နောက်ဘီးအတွင်း ဘောများ ကြေမွပျက်စီးနေကြောင်း တွေ့ရှိခဲ့ရသည်။
“ကားတွေကိုဆွဲတဲ့ ထရပ်ကားက နည်းနည်းသေးနေတယ်။ အပျက်အစီး အထိအခိုက်တွေ မဖြစ် အောင်၊ နည်းနည်းကြီးတဲ့ ကားတွေနဲ့ ဆွဲသင့်ပါတယ်”ဟု ဦးသက်ဦးမောင်က ပြောသည်။
ကားဆွဲခြင်း ဝန်ဆောင်မှု အတွက် ပေးဆောင်ရသော ကျပ်ငွေ ငါးသောင်းမှာ ဈေးကြီးကြောင်း၊ ကားများ အားလုံးကို မြေနီကုန်းတနေရာတည်းတွင် ထိန်းသိမ်းထားခြင်းက ကားပိုင်ရှင်များအတွက် အဆင်မပြေဖြစ်သည့်အတွက် အာဏာပိုင်များအနေဖြင့် အခြား မြို့နယ်များတွင်လည်း ကားပါကင်များ ဖွင့်လှစ်ရန် စဉ်းစားသင့်ကြောင်း ၎င်းကပြောသည်။
ရန်ကုန်မြို့ ယာဉ်ထိန်း အာဏာပိုင်များက ကားဆွဲသော ကုမ္ပဏီတခုကို ငှားရမ်းခဲ့ပြီး ယာဉ်ထိန်းရဲ၊ ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများနှင့် ကားဆွဲမည့်သူများကို အဖွဲ့တခုအဖြစ် ဖွဲ့စည်းထားပါသည်။ ထိုအဖွဲ့က ယာဉ်စည်းကမ်းချိုးဖောက်သော ဒရိုင်ဘာများကို ဖမ်းဆီးရန် မြို့လယ်ခေါင်တွင် ကင်းလှည့်ကြပါသည်။ ရည်ရွယ်ချက်မှာ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ပြေလျော့စေရန် ဖြစ်သည်။
ယာဉ်မောင်းသူများက စည်းကမ်းချိုးဖောက်မှုအတွက် ပြစ်ဒဏ်ပေးရန် သဘောတူညီသော်လည်း မြို့တော်အာဏာပိုင်အနေဖြင့် ကားများကို ထိခိုက်ပျက်စီးမှုမရှိအောင် ဆောင်ရွက်သင့်ကြောင်းပြောကြပါသည်။
အောက်တိုဘာလ ၁၉ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ် ဦးနေဘုန်းလတ်( ဦးနေမျိုးကျော် ခေါ်)က ရန်ကုန်မြို့တော်ဝန်အား ကားများကို ခပ်ဝေးဝေးသို့ ဒရွတ်တိုက် ဆွဲသွားခြင်းထက် သော့ခတ် ဆောင်ရွက်သည့် နည်းလမ်းကျင့်သုံးရန် အစီအစဉ် ရှိမရှိကို မေးမြန်းခဲ့သည်။
ကားပိုင်ရှင်များက ၎င်းတို့၏ ကား ပျက်စီးဆုံးရှုံးမှုများကို ပြောပြကြကြောင်း ဦးနေဘုန်းလတ်က ပြောသည်။ ရှေ့ဘီးကို မတင်၍ ဆွဲသွားသောအခါ ကား၏ ကိုယ်ထည်တဝက်မှာ အောက်တွင် ကျန်နေကြောင်း ၎င်းက ရှင်းပြသည်။
အချို့ကားများမှာ စက်မနှိုးလျှင် နောက်ဘီးများမှာ အလိုအလျောက် သောခတ်ထားသကဲ့သို့ ဖြစ်နေလေ့ရှိသည်။ သို့သော်လည်း အာဏာပိုင်များက ယင်းအကြောင်းကို သတိမပြုဘဲ ကားများကို ဒရွတ်တိုက်ဆွဲသည့်အတွက် ကားကရိုင်းများ ပျက်စီးသည်အထိ ဖြစ်နေကြောင်းပြောပါသည်။
“ယာဉ်စည်းကမ်းဖောက်ဖျက်လို့ ကားဆွဲတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မြို့တော် အာဏာပိုင်တွေ အနေနဲ့ ကားတွေကို ဖျက်ဆီးပိုင်ခွင့်မရှိပါဘူး။ တကယ်လို့ ကားတွေပျက်စီးခဲ့ရင် သူတို့ဘယ်လို တာဝန်ယူပေးမှာလဲ”ဟု ဦးနေဘုန်းလတ်က လွှတ်တော်တွင် မေးခွန်းထုတ်သည်။
YCDC ဥက္ကဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “ကျနော့် ကားလည်း အဆွဲခံရဖူးတဲ့အတွက် သူတို့ကို ကိုယ်ချင်းစာပါတယ်”ဟု ပြောသည်။
သို့သော်လည်း ယာဉ်စည်းကမ်းဖောက်ဖျက်သော ဆွဲလာသည့်ကားများကို သတ်မှတ်ထားသည့် ကားပါကင်တွင် ထိန်းသိမ်းထားခြင်းက လက်ရှိအချိန်တွင် ရန်ကုန်မြို့အတွက် လက်တွေ့ကျသော ဖြေရှင်းမှုဖြစ်ကြောင်း သူကဆိုသည်။
ကားများကို လမ်းပေါ်တွင် သော့ခတ်ဒဏ်ရိုက်ရန် အကြံပေးသော ဦးနေဘုန်းလတ်၏ အဆိုမှာ လက်ရှိအခြေနေတွင် အလုပ်ဖြစ်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကားပိုင်ရှင်များက ဒဏ်ကြေးချက်ချင်း မပေးဆောင်သောအခါ ယာဉ်ကြောကျပ်တည်းမှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း မြို့တော်ဝန်က ပြောသည်။
လွှတ်တော်အမတ် ဦးနေဘုန်းလတ်က အကယ်၍ ချဉ်းကပ်မှုနည်းလမ်းအသစ်မှာ လတ်တလော ကျင့်သုံးရန် မဖြစ်နိုင်သေးပါက အနည်းဆုံး အဆင့်အနေဖြင့် YCDC နှင့် ကားဆွဲသည့် ဝန်ဆောင်မှု ပေးသော ကုမ္ပဏီ အနေဖြင့် ပျက်စီးသွားသော ကားအတွက် ကားပိုင်ရှင်ကို လျော်ကြေးပေးသင့် ကြောင်း သို့မဟုတ် အာဏာပိုင်များက ထိခိုက်ပျက်စီးမှု မရှိစေရန် ကားဆွဲရာတွင် သေချာစွာ ကြီးကြပ်ပေးရန် လိုကြောင်း ထောက်ပြခဲ့သည်။