မိုးဆက်တိုက် ရွာသွန်းမှုကြောင့် အောက်တိုဘာ ၂၅ ရက်က ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ ထီးလိုမင်းလိုဘုရား အနောက်ဘက်ရှိ ဘုရားငယ် အမှတ် ၀၈၀၈ (ခ) တဆူ တပိုင်းပြိုကျခဲ့ပြီး၊ စောလှဝန်း ဘုရားဝန်းဒေါင့်ရှိ အုတ်ကျောင်းအမိုးနှင့် နံရံ ပြိုကျခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပြောဆိုသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က “ မုန်တိုင်းကြောင့် မိုးရွာတာ ၄၊ ၅ ရက် လောက်ရှိပြီ။ မိုးရေချိန် တော်တော်များတယ်။ မိုးရေကြောင့် ၁၉၉၆ ခုနှစ်က အသစ်တည်ခဲ့တဲ့ ဘုရားငယ်အမှတ် ၀၈၀၈ (ခ) တဆူ ပြိုသွားတယ်။ နောက် အုတ်ကျောင်းတခု ပြိုတယ်။ အုတ်ကျောင်းက အမိုးနဲ့နံရံ တဖက် ပြိုသွားတာပေါ့ ” ဟု ဧရာဝတီကို ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်က ဖြစ်ပေါ်ခဲ့သော ၆ ဒသမ ၈ အဆင့် ငလျင်လှုပ်ခတ်မှုအပြီး ၂ လအကြာတွင် ယခုလို ဘုရားငယ်နှင့် အုတ်ကြောင်း ပြိုကျရခြင်းသည် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် အရှိန်ကြောင့် မိုးများဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ပြိုကျရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်၌ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” သည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်ပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိပြီး အနောက် – အနောက်တောင်ဘက်သို့ ရွေ့လျားကာ အားကောင်းသော မုန်းတိုင်းငယ်အဖြစ် အားလျော့သွားကြောင်း ထုတ်ပြန်ကြေညာထားသည်။
ယခုနှစ်အတွင်း ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သော ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီပုထိုးပေါင်း ၃,၂၅၂ ဆူ အနက် ၄၄၉ ဆူ ထိခိုက် ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခဲ့သည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုဂံဘုရားများကို အကြီးစား ပြန်လည ပြုပြင်နိုင်ရန် ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီနှင့် လာမည့်ဇန်နဝါရီလတွင် စတင်လုပ်ဆောင်ရန် စီစဉ်ထားကြောင်းနှင့် လက်ရှိတွင် အသေးစား ပြင်ဆင်မှုများကို ငလျင်ဒဏ်ခံရပြီးနောက်ပိုင်း ဆက်တိုက် ပြုလုပ်နေကြောင်း ဦးသိန်းလွင် ပြောသည်။