ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်း စေတီပုထိုး ၄၀ဝ နီးပါးကို ပြန်လည် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ပုဂံဒေသရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ ရှေးဟောင်းမြို့တော်တွင် ငလျင်ဒဏ်သင့် စေတီပုထိုးပေါင်း ၃၈၉ ဆူကို ပြန်လည် ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။
ပုဂံတွင် စေတီပုထိုးပေါင်း ၃၂၅၂ ဆူရှိသည့်အနက် ဘုရားစေတီ ပုထိုးပေါင်း ၄၀ဝ ခန့်မှာ သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၈ ပမာဏရှိသော ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသည်။
ထိုငလျင် လှုပ်ခတ်ပြီးနောက် အရေးပေါ်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် နံရံဆေးရေး ပန်းချီများထိခိုက်မှု အပါအဝင် သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်တန်ဖိုးများ အားလုံး၏ ပျက်စီးဆုံးရှုံးမှု ပမာဏကို အတိအကျ သိရှိရန် ကနဦး လေ့လာသုံးသပ်မှုနှင့် အသေးစိတ် လေ့လာသုံးသပ်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဌာနမှ ညွှန်ကြားရေမှူး ဦးအောင်အောင်ကျော်က စက်တင်ဘာလမှ စတင်ပြုလုပ်ခဲ့သော အသေးစိတ် လေ့လာသုံးသပ်မှုကို အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း ပြောသည်။ ထိုအစည်းအဝေး၌ နောက်နှစ်တွင် ပြုလုပ်မည့် ထိန်းသိမ်း ပြုပြင်ရေးဆိုင်ရာ အသေးစိတ် အချက်အလက်နှင့် လမ်းညွှန်ချက်များကို ဆွေးနွေးသွားမည် ဖြစ်သည်။
နောက်ထပ် ပျက်စီးပြိုကျရန် အလားအလာရှိသော ၃၆ ဆူကို ပထမဆုံး ဦးစားပေး ပြင်ဆင်သွားမည်ဖြစ်ပြီး အရေးပေါ် ပြင်ဆင်ရန် လိုအပ်သော ဘုရားကျောင်း ၅၃ ကျောင်းကို ဒုတိယ ဦးစားပေး ပြင်ဆင်သွားမည် ဖြစ်သည်။ ထို့နောက် ငလျင်ဒဏ် အနည်းငယ် ထိခိုက်သော တခြား အဆောက်အအုံများကို တတိယ ဦးစားပေး ပြင်ဆင်သွားမည် ဖြစ်သည်။
“ဒီရှေးဟောင်း စေတီပုထိုးတွေကို အလေးချိန်မမျှတဲ့ ဝန်တွေကို ထမ်းရတာမျိုး မဖြစ်အောင် သေချာ ဂရုတစိုက် လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ထိုသို့ ပြန်လည် ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခြင်းမှာ ၂ နှစ်မှ ၅ နှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။