ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဆီဆုံကျေးရွာ အနီးရှိ ချောင်းကြီး ရေတံခွန်နှင့် ချောင်းကို ပိတ်ပြီး တည် ဆောက် ထားသော ချောင်းကြီး ရေလွှဲဆည်မှ ဒေသခံတောင်သူများ အတွက် စိုက်ပျိုးရေ ရရှိရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ချောင်းကြီး ရေလွှဲဆည်ကို ရှမ်းပြည်နယ် အစိုးရ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ် ခွင့်ပြု ရန်ပုံငွေ ကျပ် သိန်းပေါင်း ၁ သောင်း အသုံးပြု၍ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တောင်သူများက ပြောသည်။
ချောင်းကြီး ရေလွှဲဆည်အား ယခင်အစိုးရလက်ထက်က စိုက်ပျိုးမြေ ဧက ၁၀၀၀ ကို ရေပေးနိုင်ရန်နှင့် အနီးအနားရှိ ဆီဆုံ၊ ပါဟက်၊ ချောင်းကြီး ကျေးရွာများရှိ အိမ်ခြေ ၄၀၀ ကျော်အား လျှပ်စစ်မီး ရရှိနိုင်ရန် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ သို့သော် စိုက်ပျိုးမြေများ ရေရရှိမှု နည်းသွားကြောင်းနှင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန်လည်း မဖြစ်နိုင်ကြောင်း ရှမ်း ပြည်နယ် သစ်တော နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်က ဧရာဝတီကို ပြော သည်။
“ကျနော်ရယ်၊ လျှပ်စစ်ဝန်ကြီးရယ်၊ ဆည်မြောင်းကလူတွေနဲ့ အဲဒီရွာတွေကိုရောက်တော့ မကြောက်နဲ့ ရဲရဲပြောဆိုပြီး သူတို့ ရှေ့တင်ပဲ ရွာကလူတွေကို ကျနော်မေးလိုက်တော့ သူတို့အတွက် ဒါက (ချောင်းကြီး ရေလွှဲဆည်) ဘာမှ အသုံး မဝင်ဘူး ဆိုပြီး ပြောလာတယ်”ဟုလည်း ၎င်းက ပြောသည်။
လျှပ်စစ်မီးရရန်ကိုလည်း ကိုယ်ထူကိုယ်ထ လုပ်ကိုင်ရန် ဒေသခံ ရွာသားများက တင်ပြလာမှု ရှိကြောင်း၊ လျှပ်စစ် ကဏ္ဍကို လည်း ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး က ပြန်လွှဲယူထားလိုက်ကြောင်း၊ လျှပ်စစ်ဝန်ကြီးက သက်ဆိုင်ရာ ဋ္ဌာန ဆိုင်ရာများကို စိစစ်မှုများ ပြုလုပ်နေကြောင်း ဒေါက်တာ ညီညီအောင်က ပြောဆိုသည်။
အဆိုပါရေလွှဲဆည်မှ ရေအားလျှပ်စစ် ထုတ်လုပ်ပေးမည်ဟု ဆိုကာ ဒေသခံများထံမှ ငွေကြေး ကောက်ခံ၍ ထန်စဖော်မာ များ၊ ဓာတ်တိုင်များနှင့် ဓာတ်ကြိုးများ သွယ်တန်းခဲ့သော်လည်း ယနေ့အထိ လျှပ်စစ်မီး မရရှိသေးကြောင်း ဆီဆုံ ကျေးရွာမှ တောင်သူ ဦးမြင့်ချိုက ဧရာဝတီကို ပြောသည်။
“လျှပ်စစ်မီးရမယ်ဆိုပြီး ငွေတွေကုန်ထားတာ ကျနော်တို့ ဆီဆုံရွာ၊ ပါဟက်ရွာနဲ့ ချောင်းကြီးရွာ သုံးရွာပေါင်း သိန်း ၃၀၀ ကျော် ကုန်ထားတယ်။ တချို့ရွာတွေဆို လျှပ်စစ်မီးရချင်လွန်းလို့ အပြင်က အတိုးနဲ့ ယူပေးလိုက်တာတောင် ရှိတယ်။ မီး ကတော့ အခုချိန်အထိ မရလာဘူး။ သူတို့လုပ်ထားတဲ့အတိုင်းဆို မီးရဖို့က မဖြစ်နိုင်ပါဘူး။ ဒီဆည်ကြီးလုပ်ထားတယ်၊ နိုင်ငံတော် ဘဏ္ဍာငွေတွေ အများကြီး အကုန်ခံထားရတယ်။ ဆည်မလုပ်ခင်ကဆို သဘာဝအတိုင်း ရေက ရနေပြီးသား ဒါတွေလုပ်လိုက်ခြင်းအားဖြင့် ဘဏ္ဍာငွေတွေ အများကြီးဆုံးရှုံးတာပဲ အဖတ်တင်တယ်။ အရင်သူ့သဘာဝ အတိုင်းဆို ဧက ၁၀၀၀ မကဘူး လယ်တွေ ရေရနေတာ။ အခု ရေသိပ်မရတော့ဘူး”ဟုလည်း ဦးမြင့်ချိုက ပြောဆိုသည်။
ချောင်းကြီး ရေလွှဲဆည် ဆောက်လုပ်မှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံး၍ ဒေသခံများ အကျိုးဖြစ်ထွန်းမှု မရှိသည့် အပြင် ချောင်းကြီး ရေတံခွန်၏ သဘာဝ အလှအပများပင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေါက်တာ ညီညီအောင်ကလည်း ပြော သည်။