ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများသို့ သွားရောက်၍ ဆေးကု ပေး ရန် ရည်ရွယ်ထားသည့် Swimming Doctors 3 သင်္ဘောအား ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ ငဝန်မြစ် အတွင်း ရေချ အခမ်း အနား ပြုလုပ်ပြီးနောက် ထွက်ခွာမောင်းနှင်ခဲ့ရာ မိနစ်ပိုင်းအကြာတွင် ဆန်တင်မော်တော် တစီးကို ဝင်ရောက်တိုက်မိခဲ့သဖြင့် လူ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့ မေတ္တာဦး ဆိပ်ခံဘောတံတားတွင် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က အခမ်းအနားပြုလုပ်၍ Swimming Doctors 3 ဆေးကု သင်္ဘောအား ရေချခဲ့ပြီးနောက် ခုတ်မောင်းထွက်ခွာခဲ့ရာ ပုသိမ်မြို့အထွက် မာတ ရပ် ကွက် နားအရောက် နံနက် ၉ နာရီဝန်းကျင်တွင် ဆန်တင်မော်တော်တစီးကို ဝင်တိုက်မိခဲ့သဖြင့် ဆန်တင် မော်တော် နစ်မြုပ်ခဲ့ပြီး မော်တော်ပေါ်ပါ လူ ၆ ဦး အသေးစားဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။
“သူတို့ သင်္ဘောကိုရေချပြီးတော့ ငပုတောဘက်ကို ပြန်ဆင်းရင်းနဲ့ ပုသိမ်အထွက် မျိုးချစ် ဆန်စက်နား အရောက်မှာ ဆန် တင်တဲ့စက်လှေကို ဝင်တိုက်မိသွားတာပေါ့။ စက်လှေပေါ်မှာ လူ ၁၁ ယောက်ပါတာ ၆ ယောက်က ပွန်းပဲ့ဒဏ်ရာ အသေးစား ရရှိသွားလို့ ပုသိမ်ဆေးရုံမှာ ကုသမှုခံယူနေတယ်။ ဆေးကု သင်္ဘော ကတော့ မေတ္တာဦးတံတားမှာပဲ ပြန်လည်ဆိုက်ကပ် ထားတယ်”ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန ဧရာဝတီတိုင်း ဒေသကြီးမန်နေဂျာ ဦးရန်နောင်ကျော်က ဧရာဝတီကို ပြောသည်။
ဆေးကုသင်္ဘောနှင့် တိုက်မိသည့်မော်တော်ပေါ်တွင် လူ ၁၁ ဦးအပြင် ဆန်အိတ် ၁၆၉ အိတ် ပါရှိခဲ့ရာ သင်္ဘော တိုက်မှုကြောင့် မော်တော်နစ်မြုပ်သွားခဲ့သည့်အတွက် ဆန်အိတ်များလည်း ရေထဲကျ၍ နစ်မြုပ်ပျက်စီးခဲ့ကြောင်း သိရသည်။
“သင်္ဘောက မော်တော်ကို ခါးလည်ကဖြတ်တိုက်မိသလို ဖြစ်သွားတော့ မော်တော် တစီးလုံး မြုပ်သွားတာ။ အခု ညနေ အထိတော့ ရေစိုနေတဲ့ဆန်အိတ် ၃၀ လောက်ပဲ ဆယ်နိုင်သေးတယ်။ မော်တော်အင်ဂျင်ရော၊ ကျန်တဲ့ ဆန်အိတ်တွေရော ဆယ်လို့ မရသေးဘူး”ဟု ပုသိမ်မြို့ ကမ်းနားလမ်းတွင်နေထိုင်သူ မြို့ခံတဦးက ပြောသည်။
Swimming Doctors 3 ရေယာဉ်သည် အထွေထွေရောဂါကု ဆရာဝန် ၁ ဦး၊ မျက်စိဆရာဝန်၏ ၁ ဦး၊ သွား ဆရာဝန် ၁ ဦး၊ ကျွမ်းကျင်သူနာပြု ၄ ဦးတို့ဖြင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ် စသည့် ဧရာဝတီ တိုင်းရှိ သွားလာရေး ခက်ခဲပြီး ဆင်းရဲချို့တဲ့သည့် ဒေသများသို့ လာမည့် နိုဝင်ဘာလအတွင်း သွားရောက်၍ အခမဲ့ ဆေးကုခြင်း၊ ကျန်းမာရေးဟောပြောခြင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ပညာပေးမှုများ လုပ်ဆောင် ရန် စီစဉ်ထားသည့် ရေယာဉ်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရေယာဉ်နှင့် စက်လှေတိုက်မှုဖြစ်စဉ်တွင် အဓိကတာဝန်ရှိသည့် Swimming Doctors 3 ရေယာဉ်မောင်း ၂ ဦး အား ပုသိမ်မြို့ နယ်မြေရဲစခန်းက ပြစ်မှုနံပါတ် ၃၉၄/၂၀၁၆၊ ပုဒ်မ ၂၈၀ (ရေယာဉ် ပေါ့လျော့စွာ မောင်းနှင်မှု)၊ ပုဒ်မ ၃၃၇ (ပေါ့လျော့မှုကြောင့် သူတပါးနာကျင်စေမှု) တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။