နှစ်အတန်ကြာ ရပ်နားခဲ့ပြီးနောက် ပြန်လည်လည်ပတ်ရန် စမ်းသပ်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲရှိ တီကျစ် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား လုံးဝရပ်ဆိုင်းပေးရန် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများ တောင်းဆိုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်သူလယ်သမားနှင့် မြေယာလုပ်သားများသမဂ္ဂ ဥက္ကဋ္ဌ ဦးဝင်းရှိန်းမြတ်က “ ပြည်သူလူထု သဘောထားမပါဘဲ ဒီစက်ရုံကြီးကို ၁ လ စမ်းသပ်လည်ပတ်ခွင့် ပေးတဲ့အပေါ်မှာ ဒေသခံပြည်သူလူထုတွေ မကျေနပ်ဘူး။ ပြီးတော့ EIA စစ်တမ်းကောက်တော့လည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ အရင်တုန်းက ဒီစက်ရုံကြီး ၁၀ နှစ်လောက် လည်ပတ်ခဲ့လို့ ကျန်းမာရေး ဆိုးကျိုးတွေ၊ ထိခိုက် နစ်နာမှုတွေ၊ သဘာဝပတ်ဝန်းကျင် အများကြီး ပျက်စီးခဲ့တယ်။ ဒါကြောင့် ဒီစက်ရုံကြီးကို လုံးဝရပ်ဆိုင်းပေးဖို့ ကျနော်တို့ လူမှုအဖွဲ့အစည်းတွေနဲ့အတူ ဒေသခံတွေ ပူးပေါင်းပြီး ကမ်ပိန်းလုပ်ဆောင်ကြတာပါ ” ဟု ဧရာဝတီကို ပြောသည်။
ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့နယ် သပြေပင်ကျေးရွာ အနီးရှိ တီကျစ်ကျောက်မီးသွေးစက်ရုံ ပြန်လည်လည်ပတ်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေစစ်တမ်း/ EIA ကောက်ယူခဲ့ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားက ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထိုစက်ရုံ အစမ်းလည်ပတ် အချိန် ၁ လ ခွင့်ပြုခဲ့ခြင်းတို့ကြောင့် ကမ်ပိန်းပြု ကန့်ကွက်ခြင်း ဖြစ်သည်ဟု ဦးဆောင်လှုပ်ရှားသူများက ပြောသည်။
ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်သူလယ်သမားနှင့် မြေယာလုပ်သားများ သမဂ္ဂ၊ ပအို့ဝ် လူငယ်အဖွဲ့၊ ပအို့ဝ်အမျိုးသမီးသမဂ္ဂ အဖွဲ့များနှင့် ဒေသခံ များပူးပေါင်းပြီး နောင်တရားမြို့အတွင်းရှိ ဒေသခံများကို တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အလိုမရှိဟူသည့် စတစ်ကာများ၊ လက်ကမ်းစာစောင်များကို ဝေငှပေးခြင်း၊ ကျောက်မီးသွေးစက်ရုံ၏ ဆိုးကျိုးရိုက်ကူးထားသည့် ဗီဒီယိုခွေများကို ဝေငှပေးခဲ့သည်။
ထိုကျောက်မီးသွေးစက်ရုံကို၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စက်ရုံလည်ပတ်စဉ် ကာလက စက်ရုံမှ ထုတ်လွှတ်သည့် ပြာများနှင့် ဓာတ်ငွေ့များသည် အနီးနားကျေးရွာများရှိ သောက်သုံးရေကန်များနှင့် သီးနှံစိုက်ခင်းများပေါ်သို့ ကျရောက်၍ ထိခိုက်ပျက်စီးခြင်း၊ မြေလွှာများ ပျက်စီး၍ သီးနှံများအထွက်နှုန်း ကျဆင်းခြင်း၊ သောက်သုံးရေ ရှားပါးလာခြင်း၊ စက်ရုံမှထွက်ရှိသည့် မီးခိုးများကြောင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံတို့၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး ထိခိုက်မှု အများအပြား ကြုံတွေ့ရေကြောင်း ဒေသခံတချို့က ပြောသည်။
တီကျစ် ကျောက်မီးသွေးစက်ရုံကို ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း၂၀၁၅ ခုနှစ် အောက်တိုဘာလက လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ခဲ့သည့် တရုတ်နိုင်ငံမှ ဝူဇီဟွာဂန်း (Wuxi Huaguang) လျှပ်စစ် ကုမ္ပဏီကို ၂၂ နှစ် စာချုပ်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လုပ်ကိုင်ခွင့်ရသည့် တရုတ်ကုမ္ပဏီက ကျောက်မီးသွေးစက်ရုံ၏ မီးခိုးခေါင်းတိုင်မြှင့်ခြင်းနှင့် အကြီးစား ပြင်ဆင်မှုတချို့လုပ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ၂၁ ရက် စတင်၍ စမ်းသပ်လည်ပတ်မှုများ ပြုလုပ်ချိန်တွင် ဒေသခံများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်နေကြခြင်း ဖြစ်သည်။
နောင်တရားမြို့နယ်ခွဲ၊ စမ်းရွာမှ ဒေသခံတောင်သူ ဦးစိန်ပန်းက “ကျောက်မီးသွေးစက်ရုံက ဓာတ်ငွေ့တွေ၊ ပြာတွေကြောင့် ကျနော်တို့ သစ်သီးတွေ ပျက်စီးဆုံးရှုံးတယ်။ လူတွေ ကျန်းမာရေး ထိခိုက်တယ်။ ရေကလည်း တနှစ်ထက်တနှစ် ပိုရှားလာပြီ။ ထိခိုက်မှုက ချောင်းမြောင်းထဲမှာ အရင်တုန်းက ငါးရှိပေမယ့် အခုငါးတောင် မရှိတော့ဘူး။ ပတ်ဝန်းကျင်လည်း အရမ်းထိခိုက် လူထုကလည်း သဘောမတူတဲ့ ဒီကျောက်မီးသွေးစက်ရုံကို အပြီးရပ်ဆိုင်းပေးပါလို့ ပြောချင်တယ်” ဟု ပြောသည်။
ကျောက်မီးသွေးကို မီးရှို့ပါက ဆာလဖာဒိုင် အောက်ဆိုဒ်၊ နိုက်ထရိုဂျင် အောက်ဆိုဒ်၊ မာကျူရီ၊ အာဆင်းနစ် စသဖြင့် လူသားများနှင့် သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဒြပ် ၁၂ မျိုး ထွက်ရှိသည့်အတွက် ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများကို လည်ပတ်ခွင့် မပေးသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပညာရှင်များက ထောက်ပြပြောဆိုသည်။