ရန်ကုန်မြို့တွင်း လေထုညစ်ညမ်းမှု မည်မျှ မြင့်မားနေသည်ကို ၂၀၁၇ ခုနှစ် ဧပြီလ နောက်ပိုင်း သိရှိရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(စည်ပင်) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေ သန့်ရှင်းရေး ဌာနမှ ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ဧရာဝတီကို ပြောသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရန်ကုန်မြို့တွင်း လေထုညစ်ညမ်းမှု ရှိ၊ မရှိကို သိနိုင်ရန် ၂၀၁၅ ခုနှစ် ဧပြီလမှ စ၍ လေထု အရည်အသွေးကို တိုင်းတာနေခြင်း ဖြစ်သည်။
လေထုအရည်အသွေးကို တိုင်းတာသည့် စက်ဖြင့် ၂၀၁၅ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဧပြီအထိ ပထမအကြိမ် တိုင်းတာ ထားပြီး ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၇ ခုနှစ် ဧပြီအထိ ဒုတိယအကြိမ် ထပ်မံတိုင်းနေကြောင်း သိရသည်။
တိုင်းတာထားသည့် အချက်အလက်များအရ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2 ) ၊ ကာဗွန် မိုနောက်ဆိုဒ် (CO) ၊ နိုက်ထရို ဂျင် ဒိုင်အောက်ဆိုဒ် (NO2) ၊ နိုက်ထရိုဂျင် အောက်ဆိုဒ် (NO) ၊ ဆာလဖာဒိုင် အောက်ဆိုဒ် (SO2) ၊ မီသိန်း (Methane) နှင့် ဖုန်မှုန့်-အမှုန်အမွှား (Particulate Matter-PM) တို့ကို နိုင်ငံတကာမှ သတ်မှတ်ထားသည့် လေထု အရည်အသွေး စံနှုန်းနှင့် ကွာဟမှုကို ကြည့်ပြီး လေထုညစ်ညမ်းမှု အခြေအနေကို ပြောနိုင်မည်ဟု ဒေါက်တာ အောင်မြင့်မော် က ပြောသည်။
“ရန်ကုန်တမြို့လုံးကို နေရာပေါင်း ၆၇ နေရာ တိုင်းတယ်။ တိုင်းတော့ ဒီအကုန်လုံးရဲ့ ပျမ်းမျှမှာ ဘာသွားတွေ့လည်း ဆို တော့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဆိုရင်လည်း စံချိန်စံနှုန်းထက် များနေတယ်။ မီသိန်း ဆိုရင်လည်း စံချိန်စံနှုန်းထက် များ နေတယ်။ ကာဗွန်မိုနောက်ဆိုဒ်လည်း များတယ်။ ဒါပေမယ့် နည်းနည်းလေးပဲ များတာ။ အများကြီး မဟုတ်ဘူး”ဟု ဒေါက်တာ အောင်မြင့်မော်က ပြောပြသည်။
CO2 နှင့် မီသိန်းကို အမှိုက်ပုံများ၊ မြောင်းများ၊ သစ်ပင်များ ရှိသည့် နေရာများတွင် ပိုများနေသည်ကို တွေ့ရပြီး CO ကို ယာဉ်ကြောကျပ်သည့် နေရာများနှင့် လမ်းဆုံလမ်းခွများတွင် အများအပြား တွေ့ရသည်ဟုလည်း ဒေါက်တာ အောင်မြင့်မော် က ရှင်းပြသည်။
ထို့အပြင် ၂၀၁၅- ၂၀၁၆ ခုနှစ် တိုင်းတာချက်အရ NO2 မှာ အနည်းငယ်တွေ့ရပြီး SO2မှာလည်း စံချိန်စံနှုန်း ထက် အနည်းငယ် ကျော်နေကြောင်း၊ PM10 နှင့် PM2.5 အမှုန်များကိုလည်း ဆောက်လုပ်ရေး လုပ်ငန်းခွင် ရှိသည့် နေရာများ၊ ယာဉ်ကြောကျပ်သည့် နေရာများတွင် တွေ့ရကြောင်း ပြောသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတွင် လေထုအရည်အသွေး တိုင်းတာသည့် စက် ၄ လုံးသာ ရှိသေး သဖြင့် လေထုအရည်အသွေး တိုင်းတာနေသည့် ၆၇ နေရာ အနက် ဆူးလေ မဟာဗန္ဓုလ ပန်းခြံ၊ လှည်းတန်း ခုံးကျော် တံတား၊ မင်္ဂလာဒုံမြို့နယ် အဝင်တို့တွင် စက် ၃ လုံးကို အထိုင် တပ်ဆင်ထားပြီး ကျန် ၁ လုံးကို ကျန်နေရာများတွင် လိုက်လံ တိုင်းတာနေကြောင်းလည်း ဒေါက်တာ အောင်မြင့်မော်က ပြောပြသည်။
ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဇာနည်မောင် ကလည်း ရှုရှိုက်မိသည့် လေထုအတွင်း PM10 အမှုန် များ နှင့် PM2.5 အမှုန်များ ပါဝင်ပါက အဆိုပါ အမှုန်များအနက် PM10 အမှုန်များကို ရှုမိပါက နှာခေါင်း၊ လည် ချောင်း တို့တွင် ကပ်နေနိုင်ပြီး နှာချေခြင်း၊ ချောင်းဆိုးခြင်းများ ပြုလုပ်လိုက်ပါက ထွက်သွားနိုင်သော်လည်း PM2.5 အမှုန် များမှာမူ ထွက်မသွားဘဲ လေပြွန်မှ အဆုတ်၏ အခြေထိ ဆင်းသွားကာ အနည်ထိုင်နေတတ်သဖြင့် လေထု အရည်အသွေး ညစ်ညမ်းမှုက လူတိုင်း၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု ရှင်းပြသည်။
ဖုန်မှုန့်များ ရှုရှိုက်မိခြင်းကြောင့် လေပြွန်ရောင်ခြင်း၊ ပန်းနာရင်ကြပ်ဖြစ်ခြင်း၊ အသက်ရှု မဝခြင်းနှင့် အသက်ရှုရခက်ခြင်း စသည့် နာတာရှည် ရောဂါများ ဖြစ်ပွားနိုင်သည်ဟုလည်း ဒေါက်တာ ဇာနည်မောင်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “အဆိုးဆုံးအပိုင်းကို ပြောရမယ်ဆိုရင် ညစ်ညမ်းတဲ့ လေတွေပဲ အမြဲရှုမိမယ်ဆိုရင် အသက် ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်ပြီး အချိန်မတန်ခင် သေဆုံးနိုင်တယ်။ လေထု အရည်အသွေးက အရမ်းမဆိုးဘူး ဆိုရင်လည်း ဖုန်မှုန့်တွေ အငွေ့တွေကြောင့် မျက်စိယားယံတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်း နာတာ၊ အန်ချင်တာ တွေလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောဆိုသည်။
ဒေါက်တာ အောင်မြင့်မော်ကမူ လေထု ညစ်ညမ်းမှု တိုင်းတာခြင်းကို ရန်ကုန်မြို့ မြေပုံပေါ်တွင် Graph မျဉ်းကွက်များ ချပြီး တမိုင်ပတ်လည် မျဉ်းဆုံသည့် နေရာတိုင်းတွင် စည်ပင်သာယာ၊ အင်ဂျင်နီယာအဖွဲ့မှ လိုက်တိုင်းသဖြင့် ရန်ကုန် မြို့ နေရာတိုင်း ၊ မြို့နယ်တိုင်း ပါဝင်ကြောင်း၊ သို့သော် မည်သည့် မြို့နယ်တွင် လေထုအခြေအနေ မည်သို့ ဖြစ်နေ သည်ကို မပြောနိုင်သေးကြောင်း၊ ၂၀၁၇ ခုနှစ် ဧပြီလ နောက်ပိုင်းမှသာ ပြောနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ၎င်းက “စံချိန်စံနှုန်းကို ကျော်သလား၊ ညှိနေလား။ အောက်မှာ ရှိနေလားပေါ့။ အောက်မှာ ရှိတယ် ဆိုရင် လည်း မကျော်အောင် လုပ်ရမယ်။ ကျော်နေတယ်ဆိုရင်လည်း အောက်ကို ပြန်ကျအောင် လုပ်ရမှာပေါ့။ အဲ့ဒီလို လုပ်ဖို့ ဆိုရင် ကျနော်တို့ ဌာနအနေနဲ့ကျတော့ စောင့်ကြည့်လေ့လာလို့ပဲ ရမယ်”ဟု ပြောသည်။
လေထုအရည်အသွေးကို သိရပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေသန့်ရှင်းရေး ဌာနမှ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အလိုက် တာဝန် ရှိသူများကို ပြောဆိုပြီး ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စများကို ညှိနှိုင်းသွားရမည်ဟုလည်း သိရသည်။