မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ၁၆ ကြိမ်မြောက် ညီလာခံကို ပုံမှန်အတိုင်းမပြုလုပ်ဘဲ ရွှေ့ဆိုင်းလိုက်မည်ကို ကရင်နိုင်ငံရေးပါတီ အချို့နှင့် အရပ်ဘက် အဖွဲ့အစည်းအချို့ကစိုးရိမ်သည်ဟု ဆိုသည်။
ဘားအံခရိုင် လေးဝါးစခန်းတွင် အောက်တိုဘာ လ ၃၁ ရက်နေ့က စပြီး ပြုလုပ်နေသည့် KNU ဗဟိုကော်မတီ အစည်း အဝေး တွင် လက်ရှိ KNU ကို ဦးဆောင်နေသူအချို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းရန် ဆန္ဒရှိနေသည့် အပေါ် ဒီမိုကရေစီ အစဉ်အလာအတိုင်း လုပ်ဆောင်လာမှု ပျက်ပြားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
KNU ၏ ညီလာခံကို လေးနှစ်တကြိမ်ကျင်းပခဲ့ပြီး ၁၆ ကြိမ်မြောက်ညီလာခံကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပရမည် ဖြစ်သည်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) ပါတီဒုဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က “ရွှေ့ချင်တဲ့ပုဂ္ဂိုလ်တွေရဲ့ အကြောင်းပြချက်ကတော့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောက်တည်ဆဲမို့လို့ ပြီးပြတ်အောင် လက်ရှိလူတွေနဲ့ပဲ ဆက်ပြီးတော့ လုပ်သွားမယ် ဆိုတဲ့ အပိုင်း။ မရွှေ့ဖို့ဆိုတဲ့သူတွေကကျတော့လည်း နောက်တက်မယ့်လူကလည်း ဒီငြိမ်းချမ်းရေးလုပ်ငန်းကို လုပ်လို့ရတာပဲ ဆိုတဲ့ သဘောမျိုး အဲဒီလိုသုံးသပ်ကြတယ်လေ။ ကျနော်တို့အမြင်ကတော့ ဥပဒေ လုပ်ထုံး လုပ်နည်းစည်းကမ်း အတိုင်းသွားတာပဲ ကောင်းပါတယ်လို့ပဲပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
KNU ဖွဲ့စည်းပုံအခြေခံဥပဒေ ခွင့်ပြုချက်အရ အကြောင်းအမျိုးမျိုးကြောင့် ခေါင်းဆောင်များ စုလို့မရခြင်း၊ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေ၍ သွားလာရေး ခက်ခဲခြင်း၊ လုံခြုံရေးကြောင့် လူစုလို့မရခြင်းနှင့် အခြားအရေးပေါ်အခြေအနေများ ရှိနေလျှင် ဗဟို ကော်မတီမှ မဲခွဲဆုံးဖြတ်ပြီး ညီလာခံကို တနှစ်တိတိ ရွှေ့ဆိုင်းနိုင်သည်ဟုသိရသည်။
KNU ညီလာခံကို လေးနှစ်တကြိမ် ကျင်းပမည်ဟု စည်းမျဉ်းစည်းကမ်းများရှိထားပြီး ဒီမိုကရေစီကျင့်စဉ်အရ လုပ်ဆောင် လာခဲ့ကြောင်း သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းမည်ဆိုလျှင် ပြည့်စုံ လုံလောက်သည့် အကြောင်းပြချက်မဟုတ်ကြောင်း ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ (KESAN) ၏ လက်ထောက် ညွှန်ကြားရေးမှူး စောအဲလက်စ် ကပြောသည်။
စောအဲလက်စ် က “ကျနော့်အမြင်ကတော့ မရွှေ့ဆိုင်းသင့်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်တခု ဖြစ်တယ်။ ဒီအလေ့အကျင့်ကလည်း နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့အလေ့အကျင့် ဖြစ်တဲ့ အတွက် ဒီကျင့်စဉ်ကြီးကို ကိုင်ဆောင် ကျင့်သုံးလာတဲ့ KNU အဖွဲ့ကြီးဟာ နောင်လာ၊ နောင်သားတွေကို မပြသင့်တဲ့ဥပမာတွေ မပြသင့်ဘူးလို့မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လေးဝါးစခန်း၌ ပြုလုပ်နေလျှက်ရှိသော KNU ဗဟိုကော်မတီအစည်းအဝေးတွင် ၁၆ ကြိမ်မြောက်ကွန်ဂ ရက်ကိစ္စ အပါအဝင် လေးနှစ်တာကာလအတွင်း လုပ်ဆောင်မှုများနှင့် ပက်သက်ပြီး အစီရင်ခံစာများ တင်ပြဆွေးနွေးခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်း အစီရင်ခံစာများ တင်ပြဆွေးနွေးခြင်း၊ ကရင်လက်နက်ကိုင်အဖွဲ့များ အခြေအနေ၊ မဟာမိတ်အခြေအနေများ၊ မူဝါဒလမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်မှုများအပြင် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်သတင်းစဉ် (KIC) တွင် ဖော်ပြထားသည်။
လက်ရှိအချိန်ဟာ KNU ခေါင်းဆောင်များလည်း စုံစုံညီညီရောက်ရှိနိုင်သည့် အခြေအနေဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ အရလည်း လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်း ကရင် ဒုက္ခသည်ရေးရာ ကော်မတီ (KRC) ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဘဏ္ဍာရေး အကြံပေး အရာရှိလည်းဖြစ်သည့် နော်ဘလူးမင်းနိုက်ဇန် က ပြောသည်။
နော်ဘလူးမင်းနိုက်ဇန် က “အဓိက ကျမပြောချင်တာကတော့ အချိန်တန်တဲ့ အခါမှာ လုပ်ကို လုပ်ရလိမ့်မယ်။ ရွှေ့စရာ အကြောင်းလည်းမရှိဘူး။ လိုလည်းမလိုဘူးလို့မြင်တယ်။ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ ပုဂ္ဂိုလ်စွဲ မလိုပါဘူး။ သတ်မှတ်ထားတဲ့ မူသာ သေချာရှိတယ်ဆိုရင် လူဟောင်းပဲဖြစ်ဖြစ်၊ လူသစ်ပဲလာလာ သတ်မှတ်ထားတဲ့မူအတိုင်းဆက်သွားမယ်ဆိုရင် ဘာမှ ထိခိုက်မှု မရှိနိုင်ဘူးလို့ ကျမကတော့ အဲလိုပဲမြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် KNU ညီလာခံနှင့် ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဥက္ကဋ္ဌ တင်မြောက်ခြင်းခံခဲ့ရပြီး ၎င်းလက်ထက် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို ချုပ်ဆိုနိုင်ခဲ့သည်။
ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ စောဆေးဝါး ကတော့ “လူတွေကတော့ စိုးရိမ်မှုအမျိုးမျိုး ရှိကြမှာပေါ့ဗျာ။ ဒါပေမယ့် ဗဟိုကော်မတီက လူကြီးတွေဆုံးဖြတ်မယ့် ကိစ္စက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော်တို့ကတော့မျှော်လင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
KNU အဖွဲ့တွင် ဥက္ကဋ္ဌများအဖြစ် ၁၉၄၇ ခုနှစ်တွင် စောစံဖိုးသင်၊ ၁၉၄၇ မှ ၁၉၅၀ အထိ စောဘဦးကြီး၊ ၁၉၅၀ မှ ၁၉၅၃ ခုနှစ် အထိ စကောလယ်တော၊ ၁၉၅၃ မှ ၁၉၆၃ အထိ စောဟံသာမွေး၊ ၁၉၆၃ မှ ၁၉၇၅ အထိ မန်းဘဇံ၊ ၁၉၇၆ မှ ၂၀၀၀ အထိ စောဘိုမြ၊ ၂၀၀၀ မှ ၂၀၀၈ အထိ စောဘသင်စိန်၊ ၂၀၀၈ မှ ၂၀၁၂ အထိ စောတာမလာဘော၊ ၂၀၁၂ မှ လက်ရှိအချိန်အထိ စောမူတူးစေးဖို့တို့ဖြစ်ကြောင်း ကရင်အမျိုးသားမီဒီယာတွင် ဖော်ပြထားသည်။