တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ရေနံ လက်ယက်တွင်းများမှ ထွက်ရှိသည့် ရေနံစိမ်းများအား ရေနံချက်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသည့် လက်ရှိ လုပ်ငန်းရှင်များကို ဒေသန္တရ ရေနံချက်လုပ်ခြင်း လုပ်ငန်း ယာယီလိုင်စင်များ ပထမဆုံးအကြိမ် အခမဲ့ ထုတ်ပေးရန် ပြင်ဆင်လျက်ရှိ ကြောင်း သတင်းရရှိသည်။
ယနေ့ နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတွင် လစဉ် ပုံမှန် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ယင်းဝန်ကြီးဌာနမှ ဒုတိယ အမြဲတန်း အတွင်းဝန် ဦးဌေးအောင်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“ယာယီလိုင်စင်က အခမဲ့ လုပ်ခွင့်ပြုမယ်။ ယာယီ လိုင်စင်ကုန်လို့ သက်တမ်း လာတိုးရင်တော့ လိုင်စင်ကြေး ပြန်ကောက်မှာပါ။ သူတို့တွေ အကုန်လုံး ဥပဒေဘောင်အတွင်းက တရားဝင် လိုင်စင်နဲ့ ဖြစ်လာအောင် အခုလို အခမဲ့ လိုင်စင် အရင် လုပ်ပေးလိုက်တာပါ” ဟု ဦးဌေးအောင်က ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များထံမှ ရရှိသည့် စာရင်းအရ ရေနံချက် လုပ်ငန်းရှင် ၂၃၇ ဦး ရှိပြီး ၄င်းတို့မှာ စစ်ကိုင်းနှင့် မကွေးတို့မှ အများဆုံး ဖြစ်ကြောင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်တို့မှလည်း ပါဝင်ကြောင်း မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နီလာဦးက မီဒီယာများသို့ ပြောသည်။
“ချက်လုပ်တဲ့မြေကို ပိုင်ဆိုင်ရမယ်။ တရက်ကို ဂါလံ ၁၀ဝ၀ ကနေ ၃၀ဝ၀ အထိပဲ ချက်ရမယ်။ ဘယ်လိုပုံစံနဲ့ ချက်လုပ်မလဲ ဆိုတာကို လျှောက်ရမယ်။ ထွက်လာတဲ့ ချက်ဆီတွေကိုလည်း သတ်မှတ်ချက်နဲ့ အညီပဲ ဖြန့်ရမယ်။ စက်သုံးဆီဆိုင်တွေကို သွားရောင်းလို့ မရဘူး” ဟု ဒေါ်နီလာဦးက ပြောသည်။
ယင်းချက်ဆီများကို ဒေသတွင်းရှိ လယ်ယာသုံး စက်မှု လက်မှု လုပ်ငန်းများ၊ ရေကြောင်း သွားလာရေး ယာဉ်များနှင့် အသေးစား စက်မှုလက်မှုနှင့် ယာဉ်များတွင် အသုံးပြုကြသည်ဟု သိရသည်။
“MOGE က ရေနံတွေ တူးတဲ့အခါမှာ တချို့လုပ်ကွက်တွေက စက်ကြီးတွေနဲ့ တူးပြီးတော့ စီးပွားဖြစ် လုပ်လို့ရတဲ့ လုပ်ကွက်တွေ မဟုတ်ဘူး။ အဲဒီလို နေရာမျိုးတွေမှာ ပုဂ္ဂလိကကို ပေတိမ် အနေနဲ့ တူးခွင့်ပေးတာပါ။ ပေ ၁၀ဝ၀ အောက် ကိုယ်ဖာသာ ကိုယ်တူးကြဆိုတော့ လက်ယက်တွင်း ဆိုတာလေးတွေ ဖြစ်လာတယ်လေ” ဟု ဒေါ်နီလာဦးက ပြောသည်။
သူက ဆက်၍ “လက်ယက်တွင်းတွေကိုလည်း လိုင်စင်နဲ့ လုပ်ကွက်တွေ ချပေးခဲ့တယ်။ အဲဒီမှာ ရေနံစိမ်းတွေ ထွက်လာတယ်။ ထွက်လာတဲ့အခါ ချက်ဖိုလေးတွေ ပေါ်လာတယ်။ အဲဒါကို တိုင်းဒေသကြီးတွေရဲ့ အစီအမံနဲ့ ချက်ဖိုလေးတွေကို ချက်ခွင့်ပြုထားခဲ့တာ ရှိတယ်။ အဲဒါကြောင့် ချက်ဖိုလေးတွေကိုလည်း စည်းကမ်းတကျ ဖြစ်လာအောင် လိုင်စင်ထုတ်ပေးဖို့ စီစဉ်တာပါ” ဟု ပြောသည်။
မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်တဦး ဖြစ်သူ ဦးနေမျိုးကျော်က ယခင် အစိုးရလက်ထက်က ယင်းလုပ်ငန်းများကို ဥပဒေ၊ နည်းဥပ ဒေများနှင့်အညီ မပြုလုပ်ဘဲ ပုဂ္ဂိုလ်ရေး ခင်မင်မှုအပေါ်တွင် အခြေခံ၍ လုပ်ပိုင်ခွင့်များ ပေးခဲ့သဖြင့် ယခု အစိုးရလက်ထက်တွင် ဆက်လက် ဆောင်ရွက်ရန် အခက်အခဲများ ဖြစ်နေရကြောင်း ဧရာဝတီသို့ ပြောသည်။
“တရားဝင် လုပ်ငန်းလိုင်စင် ချပေးတာ ကောင်းတယ်။ ကျနော်တို့ မကွေးတိုင်းလို အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတဲ့ ကျေးလက် ဒေသတွေ အတွက်လည်း အလုပ်ကိုင် အခွင့်အလမ်းတွေ ပိုရမှာ ဖြစ်သလို ကျနော်တို့ အစိုးရရဲ့ အသေးစား အလတ်စား လုပ်ငန်းတွေ ကို အားပေးရမယ်ဆိုတဲ့ စီးပွားရေး မူဝါဒနဲ့လည်း ကိုက်ညီတယ်” ဟု ဦးနေမျိုးကျော်က ပြောသည်။
ယခုအခါ ရေနံ လက်ယက်တွင်း (ပေတိမ်) တူးဖော်ခြင်း လုပ်ငန်းနှင့် ဒေသန္တရ ရေနံချက်လုပ်ခြင်း လုပ်ငန်း လိုင်စင်ရရှိသူများမှာ အစိုးရမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်ဟု သိရပြီး အဓိက အချက်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ထောက်ခံချက် ရရှိမှသာ လုပ်ငန်း လိုင်စင်များ ချထားပေးမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပြောသည်။
ယင်းဒေသအသီးသီးမှ ရေနံစမ်း ထုတ်လုပ် ရရှိမှုမှာ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်တွင် ဂါလံ ၅ သိန်း ရှိခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ စာရင်းများအရ သိရပြီး လက်ယက်တွင်း ဥပဒေကိုလည်း လွှတ်တော်သို့ ယခင် လွှတ်တော် သက်တမ်းကပင် ပေးပို့ထားပြီး ဖြစ်သည်ဟု သိရသည်။