စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မုက္ကလိကျေးရွာအုပ်စု ငေါက်စားကျေးရွာအနီး ချင်းတွင်းမြစ်နှင့် ဥရုချောင်းဆုံရာ နေရာတွင် ကုန်တင်အမြန်ရေယာဉ်တစီး ယမန်နေ့(နိုဝင်ဘာ ၁၀ ရက်) နံနက်ပိုင်းက တိမ်းမှောက်နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုံရွာ – ဆည်ဇင်းသို့ ကုန်တင်ပြေးဆွဲသည့် လင်းလင်းအောင်အမည်ရှိ ကုန်တင်ရေယာဉ်သည် မုံရွာမြို့မှ နိုဝင်ဘာ ၅ ရက်တွင် စတင်ထွက်ခွာလာပြီး လမ်းတလျှောက် ကုန်တင်ကုန်ချပြုပြီး ဆည်ဇင်းရွာသို့ မရောက်မီ လမ်းခုလတ်ရှိ ချင်းတွင်းမြစ်နှင့် ဥရုချောင်းဆုံရာအနီး၌ သောင်ဖြင့်ငြိကာ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ဧရာဝတီကို ပြောသည်။
“ ဟုမ္မလင်းမြို့နယ် ဆည်ဇင်းရွာကိုသွားတဲ့ ကုန်တင်ယာဉ်သင်္ဘောပါ။ အဲဒီသင်္ဘောမှာ ကျား ၅ ဦး ပါတယ်။ ၅ ဦးစလုံး အသက်ရှင်ပါတယ်။ လူအသေအပျောက် မရှိပါဘူး။ လောလောဆယ် ပစ္စည်းတွေ လိုက်ဆယ်နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရေယာဉ်ပေါ်ပါ သင်္ဘောသား ၅ ဦး စလုံးကို အသက်အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် သင်္ဘောနစ်မြုပ်ရာတွင် ပါသွားသည့် ကုန်ပစ္စည်းများကို ဆယ်ယူလျက်ရှိကြောင်း ၎င်းက ဆိုသည်။
နစ်မြုပ်သွားသည့် ကုန်တင်ရေယာဉ်ပေါ်တွင် ဆီပေပါ အလုံး ၃၀၀၊ ဆန်အိတ် ၁၂၀၊ အရှည်ပေ ၂၀ အဝ ၆ လက်မရှိသည့် သံပိုက်လုံး အလုံး ၅၀ နှင့် ကုန်မျိုးစုံ ပါဝင်ကြောင်းနှင့် ရေယာဉ်နစ်မြုပ်ရာတွင် မျောပါသွားသည့် ဆီပေပါများကို ဌာနဆိုင်ရာ ရဲဝန်ထမ်းများ၊ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ရွာသူရွာသားများက ဝိုင်းဝန်းကူညီ ဆယ်ယူလျက်ရှိကြောင်း သိရသည်။
ရေယာဉ်နစ်မြှုပ်မှုနှင့် ပတ်သက်ပြီး ဦးစဝီလီဖရန့်က “ မိုးရွာတော့ ရေလမ်းကြောင်းက နည်းနည်းခန့်မှန်းရခက်တဲ့ အနေအထားရှိတယ်။ သွားနေကျတော့ သွားနေကျပါပဲ။ ကုန်လေးချိန် များလို့လားဆိုတာတော့ သူတို့သင်္ဘောဖော်ပြီးမှ သင်္ဘောပေါ်မှာ တင်နိုင်တဲ့ အလေးချိန်ကို သိမှပဲ ပြောနိုင်မယ်။ အဓိကက သောင်နဲ့ငြိပြီး စောင်းပြီးမြုပ်သွားတာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက် နံနက် ၅ နာရီခန့်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်း (ပုဂ္ဂလိကပိုင်) မှ အောင်စိုးမိုးကျော် ရေယာဉ်သည် စစ်ကိုင်းဒေသကြီး၊ ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အသက်ရှင်ကျန်သူ ၁၅၉ ဦး၊ သေဆုံး ၇၂ ဦးရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည့် ရေယာဉ်များ လိုက်နာရမည့် အမိန့် ထုတ်ပြန်ချက်များကို မလိုက်နာလျှင် ဥပဒေအရ အရေးယူနိုင်ပြီး ထောင်ဒဏ် ၆ လ၊ ငွေဒဏ် ၁၅ သိန်း မှ သိန်း ၂၅ သိန်း အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးတင်ထွန်းအောင်က ပြောဆိုထားသည်။