မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်တို့သည် ပိုမိုလွတ်လပ်ပြီး အများကို ကိုယ်စားပြုသည့် ထိရောက်မှုရှိသော အဖွဲ့အစည်းများ ဖြစ်လာရန် ယမန်နေ့က ကျင်းပသော အမျိုးသား လွှတ်တော်တွင် တောင်းဆိုခံရကြောင်း သတင်း ရရှိသည်။
အမျိုးသမီးထု အမှန်တကယ် ဖွံ့ဖြိုးတိုက်တက်စေရန် အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့သည် လွတ်လပ်သော၊ စွမ်းဆောင်ရည် ပြည့်သော လူထုက ရွေးချယ် တင်မြောက်သော CSO အဖွဲ့အစည်းများ ဖြစ်လာပါက ပိုမို ထိရောက်နိုင်သောကြောင့် ယခုကဲ့သို့ မေးခွန်းထုတ်ရခြင်း ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ပြောသည်။
“ပြည်သူများကလည်း ဒီမိုကရေစီခေတ်တွင် ဒီအဖွဲ့အစည်းများ ရှိသေးလားဟု မေးမြန်းမှုများကို ကြည့်ခြင်းအားဖြင့် ကျမတို့ တိုင်းပြည်၏ အမျိုးသမီးထု ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ပြန်လည် သုံးသပ်သင့်ပါတယ်” ဟု ဒေါ်အိအိပြုံးက အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်းစဉ် ထည့်သွင်း ပြောဆိုသည်။
လက်ရှိတွင် အထက်ပါ အသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် လွတ်လပ်မှု မရှိဘဲ အသစ်ပြောင်းလာသော လူကြီးကတော်အပေါ် မှီခိုနေရခြင်းကြောင့် ထိရောက်မှု မရှိဖြစ်နေရကာ အမျိုးသမီးထု ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေး ဆုံးရှုံးမှုများ ရှိသလို နိုင်ငံတော်၏ ပံ့ပိုးမှုသည်လည်း အဟောသိကံ ဖြစ်နေရသည်ဟုလည်း ဒေါ်အိအိပြုံးက ပြောသည်။
လွှတ်တော်တွင် ယင်းကိစ္စနှင့် ပတ်သက်၍ လာရောက်ရှင်းလင်းသူ အစိုးရ ကိုယ်စားလှယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံ မိခင်နှင့်အသင်း စောင့်ရှောက်ရေးအသင်းသည် ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့် အောက်တွင် ရှိသဖြင့် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ပေးမည် ဖြစ်သော်လည်း အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကိုမူ တာဝန်မခံနိုင်ကြောင်း ပြောသည်။
မြန်မာနိုင်ငံ မိခင်နှင့်အသင်း စောင့်ရှောက်ရေး အသင်းသည် ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေအရ ဖွဲ့စည်းထားသည့် အစိုးရမဟုတ်သော လူမှုရေး အသင်းအဖွဲ့တခု ဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်းရှိ မိခင်နှင့် ကလေးများ၏ ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စောင့်ရှောက်ပေးခြင်းဖြင့် မိသားစုများ၏ လူနေမှုဘဝ အဆင့်အတန်း မြင့်မားလာရေးကို အထောက် အကူပြုရန် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီလိုဖွဲ့စည်းရာမှာ မြန်မာနိုင်ငံမိခင်နဲ့ ကလေးစောင့်ရှောက်ရေး ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (က) နဲ့ ပုဒ်မ ၂၉ ပုဒ်မခွဲ (က) တို့အရ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အသင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတွေရဲ့ ဇနီးတွေက တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ရှင်းပြသည်။
ယခုအခါ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းသည် သီးခြား လွတ်လပ်သော၊ အစိုးရ မဟုတ်သော နိုင်ငံရေး ကင်းရှင်းသည့် စွမ်းအားမြင့်သော လူမှုရေး အဖွဲ့အစည်းတရပ်ဖြစ်ရန် ယခုထက်ပိုပြီး ပီပြင်ထိရောက်စွာ လုပ်ကိုင်နိုင်ရေးကို ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြုပြင် ပြောင်းလဲရေးအတွက် ရှေ့နေချုပ်ရုံး၏ အကြံပြုချက်များ ရယူနေပြီး မကြာခင်ကာလတွင် လွှတ်တော် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်သွားမည်ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။
“ဒီလိုဆောင်ရွက်ရာမှာ အသင်းကြီးရဲ့ သက်ဆိုင်သော အစုအဖွဲ့ဖြစ်တဲ့ ဥက္ကဋ္ဌနေရာတွေနဲ့ ဗဟိုကောင်စီမှာ အစိုးရနဲ့ မပတ်သက်တဲ့ စေတနာ့ ဝန်ထမ်းလုပ်ငန်းကို စိတ်ပါဝင်စားသူ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်လိုသူ အငြိမ်းစားဝန်ထမ်း၊ အထူးသဖြင့် ပညာရေး၊ ကျန်း မာရေး၊ လူမှုဝန်ထမ်းက သူတွေနဲ့ ဥပဒေအရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့် တာဝန်အတွင်းမှ အထူးသဖြင့် ဗဟိုကောင်စီဝင်တွေကို ပြန်လည် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်လျက်ရှိရာ မကြာခင်ရက်ပိုင်းအတွင်းမှာ ပြီးစီးပါတော့မယ်” ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှာ ယခင် အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေ ၆/၈၈ အရ ၂၀ဝ၃ အောက်တိုဘာလ ၈ ရက် နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် ၁၈၅ ဖြင့် စတင် ဖွဲ့စည်းခွင့် ပြုခဲ့ပြိီး ၂၀၁၇ ဒီဇင်ဘာလ အထိ မှတ်ပုံတင် သက်တမ်း ရှိသေးကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးများ၏ ဇနီးများကို ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ထားခြင်းသည် ဝန်ကြီးဌာနအနေနှင့် တိုက်ရိုက် မသက်ဆိုင်သောကြောင့် ရှင်းလင်းဖြေကြားခြင်း မပြုနိုင်ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။
ဧရာဝတီ တိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးက အသင်း ၂ ခုကို ဦးဆောင်နေသည့် လူကြီးကတော် ဥက္ကဋ္ဌများ၏ လုပ်ငန်းများကို အဆင့်ဆင့်သော ပြည်ထဲရေး ဝန်ထမ်းများက အကောင်အထည် ဖော်ပေးနေရခြင်းသည် တိုက်ရိုက် လုပ်ငန်းတာဝန်နှင့် မသက်ဆိုင်ဘဲ အလုပ် ပိုများစေကြောင်း ပြောဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါ်ဇင်မာအောင်ကလည်း “အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဆိုရင်လည်း အမျိုးသမီး CSO တွေလိုပဲ အမျိုးသမီးထုရဲ့ အခွင့်အရေးတွေကို ပိုပြီးကာကွယ် စောင့်ရှောက်မယ့်၊ အခွင့်အရေးတွေကို မြင့်တင်ပေးမယ့် ဖွဲ့စည်းမှု ပုံစံမျိုး ပြောင်းပြီးတော့ ဆောင်ရွက်စေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။