စစ်တွေမြို့မှ မောင်တောမြို့အထိ ရခိုင်ကမ်းရိုးတမ်းတလျှောက်တွင် ငါးမဖမ်းရဲ ဖြစ်နေသည့် တိုင်းရင်းသားများ၏ လုံခြုံရေးကို အစိုးရက တာဝန်ယူပေးရန် လိုအပ်နေကြောင်း ရခိုင်ပြည်နယ် အမှတ် ၃ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က တိုက်တွန်း လိုက်သည်။
မြန်မာ့ ပင်လယ်ပြင်အတွင်း ခိုးဝင်၍ ငါးဖမ်းခြင်း၊ ငါးဝယ်ယူခြင်းတို့ကို လုပ်ဆောင်နေသော ဘင်္ဂလားဒေ့ရှ် စက်လှေများကို တားဆီး ပေးရန်၊ လွန်ခဲ့သော နှစ် ၂၀ အတွင်းက ဆုံးရှုံးခဲ့ရသည့် ရခိုင်တိုင်းရင်းသားတို့၏ တနိုင်တပိုင် ရေလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးရေးကို ကူညီထူထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိတို့ကို ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
ဦးခင်မောင်လတ်က “စစ်တွေမြို့မှ မောင်တောမြို့အထိ ပင်လယ်ကမ်းခြေတလျှောက် ရေပြင်ဟာ မိုင် ၆၀ ရှည်လျားပါတယ်။ ဒီအထဲက မိုင် ၄၀ ကို ဘင်္ဂလားဒေရှ် ငါးခိုးရေယာဉ်တွေက ဝင်ရောက် စိုးမိုးပြီးတော့ ငါးခိုးတယ်။ ငါးဝယ်တယ်။ ငါးခိုး စက်လှေတစီးမှာ လူ ၂၀ ကျော်လောက် လိုက်ပါလာပါတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။
၄င်းငါးခိုးဖမ်းသူများသည် ညပိုင်းအချိန်တွင် မြန်မာ့ ပင်လယ်ပြင်သို့ ဝင်ရောက်လာပြီးနောက် မနက်ပိုင်းတွင် ပြန်လည် ထွက်ခွာသွား ကြောင်း၊ အစိုးရ အာဏာပိုင်များ မသိဘဲ ယခုလို မဝင်ရောက်နိုင်ဘဲ ၄င်းတို့ ငါးခိုး၊ ငါးဝယ်နေသည်ကို ဒေသခံများက တွေ့မြင် နေရကြောင်းနှင့် စက်လှေတစီးလျှင် တလ ငွေ ၅၀၀၀၀ ကျပ် ပေးကာ ဝင်နေခြင်းဖြစ်ကြောင်း ဦးခင်မောင်လတ်က ပြောသည်။
“စိုးရိမ်စရာ ကောင်းတာက ဒီငါးခိုးလှေတွေဟာ ပြည်တွင်းက ဘင်္ဂလီလှေတွေနဲ့ ချိတ်ဆက်ပြီး လုပ်နေတာ ဖြစ်ပါတယ်။ ရွာတိုင်းမှာ မလေး၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ်ပြန်တွေက ပြန်ပြီးတော့ နေကြပါတယ်။ အကြမ်းဖက်နဲ့ ဆက်သွယ်နေတာလား ဆိုတာလည်း မသိနိုင်ပါဘူး”ဟု ဦးခင်မောင်လတ်က ပြောသည်။
၄င်း၏ မေးမြန်းချက်ကို ကျေးဇူးတင်ကြောင်းနှင့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များနှင့် အတူ ပေါင်းစပ်ဖြေကြားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။
ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးဖမ်းရေယာဉ် စစ်ဆေးရေးစခန်း Check Point များတွင်သာ တရားဝင် မှတ်ပုံတင်ထားသော ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်း၊ မထွက်ခွာမီ ငါးဖမ်း ကိရိယာများကို စစ်ဆေးခြင်း၊ သက်ဆိုင်ရာ စုပေါင်း အဖွဲ့များနှင့် တာဝန်အလိုက် စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်ကြောင်း ဒေါက်တာ အောင်သူက ပြောသည်။
“ပင်လယ်ပြင်မှာရှိတဲ့ ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းရေယာဉ်များအား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်ဆေးကြပ်မတ်မှုနဲ့သာ ဆောင်ရွက် လျက် ရှိပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ် တဝိုက်က ပင်လယ်ပြင်မှာတော့ မြန်မာနိုင်ငံ ရဲတပ်ရင်း လုံခြံုရေး အဖွဲ့တွေက စစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဒေါက်တာ အောင်သူက ပြောသည်။
၁၉၉၁ ခုနှစ်တွင် မြန်မာ အစိုးရက ထုတ်ပြန်ခဲ့သည့် အမိန့် ညွှန်ကြားချက်အရ တပ်မတော်(ကြည်း)နှင့် တပ်မတော် (ရေ)တို့ကို ပင်လယ် ပြင် စစ်ဆေးရေးမှူး တာဝန် ပေးအပ်ထားကြောင်း၊ ထိုတာဝန်ဖြင့် ၄င်းတို့က ငါးဖမ်းရေယာဉ်များ အပါအဝင် အခြား ပြည်တွင်း၊ ပြည်ပ ရေယာဉ်များအား စစ်ဆေးခြင်းနှင့် အရေးယူခြင်း တာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တရားမဝင် လှေများအား ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၄ နှစ်အတွင်း သစ်ခိုးလှေ ၁၇ စီး၊ မူးယစ်ဆေးဝါးသယ်လှေ ၁၂ စီး၊ တရားမဝင် ကုန်တင်လှေ ၆ စီး၊ လူမှောင်ခိုလှေ ၆ စီး၊ တရားမဝင် နိုင်ငံခြား ငါးဖမ်းလှေ ၃ စီး၊ ဖမ်းမိရေယာဉ် စုစုပေါင်း အစီး ၆၀ နှင့် ကာလတန်ဖိုး ၂ ဘီလီယံကျော်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ် ရေလုပ်ငန်း ကဏ္ဍနှင့် ဘူးသီးတောင်၊ မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးခြား လုပ်ငန်း စီမံချက် တရပ် ရေးဆွဲ ဆောင်ရွက်လျက် ရှိပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း စီမံချက်အား ၂၀၁၆ ခုနှစ် ဇူလိုင်လက တင်ပြထားကြောင်း သိရသည်။