မန္တလေးမြို့ရှိဈေးဝယ်စင်တာများ၌ CCTV ကင်မရာများ လုံလောက်စွာ တပ်ဆင်ကာ လုံခြုံရေးအထူးသတိ ပြုစောင့်ကြည့်ရန်နှင့် မသင်္ကာဖွယ်အခြေအနေ တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ ချက်ချင်းအကြောင်းကြားရန် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၂ ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မန္တလေး တိုင်း ရဲတပ်ဖွဲ့က ဈေးဝယ်စင်တာမှ တာဝန်ရှိသူများ၊ လုံခြုံရေးဝန်ထမ်းများနှင့် ယနေ့တွေ့ဆုံကာ မိုင်းအသိပညာ ဆွေးနွေးပွဲကို ကျင်းပရာ ရဲမှုးကြီးဟန်ထွန်းက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တစုံတခုဖြစ်ပြီးမှ ရဲရောက်သွားတာထက် မဖြစ်အောင် ကြိုတင်ကာကွယ်တာက ပိုကောင်းပါတယ်။ ဒါကြောင့် လုံခြုံရေးအသိနဲ့ အမြဲမပြတ်စောင့်ကြည့်ကြဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါဆွေးနွေးပွဲ၌ မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည့် ဈေးဝယ်စင်တာကြီးများဖြစ်သော Ocean ၊ ရတနာပုံ Super Centre ၊ ဖူဂျီစတိုး၊ City Mark ၊ Skywalk Shopping Mall၊ Orange Supermarket စသည့် ဆိုင်ကြီးများအား အဓိကထား၍ မိုင်းအသိ ပညာပေးခြင်း၊ လက်လုပ်မိုင်းများအကြောင်း၊ မိုင်းဖြစ်စဉ်ကြုံတွေ့ပါက လုံခြုံရေးနှင့် ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား မန္တလေးတိုင်း မှုခင်းရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၉၁၀) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း၊ တိုင်းမီးသတ်တို့မှ တာဝန်ရှိသူများက ရှင်းလင်းပြောပြခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်များသည် M 150 အချိုရည်ပုလင်းအတွင်း ပေါက်ကွဲစေ သည့် ဓာတုပစ္စည်း ၂ မျိုးအား ရောနှောကာ ပေါက်ကွဲမှုဖြစ်ပွားစေခဲ့ခြင်းဖြစ်ပြီး ဈေးဝယ်စင်တာအတွင်း လူအဝင်အထွက်၊ ကုန်ပစ္စည်းအဝင်အထွက်များကိုလည်း ယခင်ထက် ပိုမိုစောင့်ကြည့်စစ်ဆေးရန် လိုအပ် သည်ဟု အမှတ်(၃) မှုခင်းရဲတပ်ဖွဲ့ခွဲမှ ရဲမှုးစိုးနိုင်က ပြောသည်။
မန္တလေးမြို့လယ်ရှိ Diamond Plaza မှ လုံခြုံရေးလက်ထောက်မန်နေဂျာ ဦးကျော်ကျော်လင်းက “ကျနော် တို့စင်တာမှာတော့ လုံခြုံရေးအင်အားကို လုံလောက်တဲ့အင်အားဖြစ်အောင် တိုးချထားပါတယ်။ လုံခြုံရေး ဝန်ထမ်းတွေကိုလဲ ခါတိုင်းထက်ပိုပြီး သတိပြုစောင့်ကြည့်ဖို့ မှာကြားထားပါတယ်။ အရေအတွက် ကတော့ လုံခြုံရေးကိစ္စဖြစ်တာကြောင့် အတိအကျမပြောလိုပါဘူး” ဟုပြောသည်။
လက်ရှိတွေ့ရှိရသည့် မိုင်းများသည် လက်လုပ်မိုင်းပုံစံများဖြစ်ပြီး ကုန်ကျစရိတ်နည်းပါးကာ လွယ်ကူစွာ ထုတ်ပိုးသွားလာနိုင်သည့်အတွက် အများပြည်သူနှင့်ဆိုင်သည့် အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများတွင် လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပြီး အကယ်၍ ပေါက်ကွဲမှု ဖြစ်စဉ်တခု ဖြစ်ပွားပါက နောက်ဆက်တွဲ ဒုတိယပေါက်ကွဲမှု ထပ်မံဖြစ်ပွားလေ့ရှိသောကြောင့် ၎င်းဧရိယာတွင် တာဝန်ရှိသူများမှအပ အများပြည်သူက ဝိုင်းအုံ့ကြည့်ရှုရန် မသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်အောင်သူဝင်းက ရှင်းလင်းပြောပြသည်။
မန္တလေးမြို့တွင် ၂၀၁၁ ခုနှစ်က ဈေးချိုအနီးရပ်ထားသည့်ကားမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၃ ခုနှစ်က ရွှေဘဲစားသောက်ဆိုင်၏ စားပွဲအောက်တွင် ဗုံးတလုံးထားရှိခဲ့ခြင်း စသည့် ဖြစ်စဉ်တို့ တွေ့ကြုံခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်ကဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် မန္တလေးဈေးချို၊ ပြင်ဦးလွင်၊ နေပြည်တော်တွင် တရက်တည်း ဆက်တိုက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၃ ခုနှစ်တွင် မန္တလေးတွင်သာမက စစ်ကိုင်းရှိ ဟိုတယ်တွင်လည်း ကောင်း၊ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် ကားရပ်နားရန်နေရာတို့တွင်လည်းကောင်း တရက်တည်း ဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။