ရန်ကုန်မြို့တွင် ထိုင်ဝမ်နိုင်ငံသား ၅ ဦးထံမှ ICE စိတ်ကြွဆေးပြား ဆာလာအိတ် ၃၇ အိတ်ကျော် ဖမ်းဆီးရမိခဲ့ရာ ဆက်စပ် ပါဝင်နိုင်သူများကို စုံစမ်းစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက သိရသည်။
နိုဝင်ဘာ ၁၅ ရက်နှင့် နိုဝင်ဘာ ၁၈ ရက်တို့တွင် ဟောင်ကောင်နိုင်ငံသား Hung Ching Kin, ထိုင်ဝမ်နိုင်ငံသားများဖြစ်သည့် Lein Cheng Chon, Lin Shin Chang, Wong Wei Jong, Cai Jeng Ze တို့ကို ICE အမည်ရှိ စိတ်ကြွဆေးပြားများဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပုဇွန်တောင်မြို့နယ်ရှိ မဟာဗန္ဓုလ အိမ်ရာနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စက်ဆန်းရပ်ကွက်တို့တွင် အသီးသီး ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့ဝင်များဖြစ်သည်ဟုလည်း ပြောဆိုမှုများရှိနေသော်လည်းရဲတပ်ဖွဲ့ထံက ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
“ဒီကိစ္စကို အဓိကလိုက်တာက မူးယစ်တပ်ဖွဲ့စုက လိုက်ပြီး စုံစမ်းနေတာ။ သူတို့ကတော့ ဖမ်းတယ်။ အမှုကိုတော့ ဆိုင်ရာ ရဲစခန်းတွေမှာ ဖွင့်ထားတာပေါ့။ လက်ရှိအချိန်ထိတော့ ကွင်းဆက်လိုက်ပြီး စုံစမ်းနေတုန်းပဲရှိသေးတယ်”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်ရဲတပ်ဖွဲ့ထံက သိရသည်။
၂၀၁၅ ခုနှစ်အတွင်းက မင်္ဂလာဒုံမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် အာရှစံချိန်တင် မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍လည်း ဆောင်ရွက်ဆဲအခြေအနေတွင်သာ ရှိသေးပြီး နောက်ဆက်တွဲအခြေအနေများကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ် အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၆၈ မှုဖမ်းဆီးရမိခဲ့ရာတွင် တရာခံ ၈၆၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် လက်ရှိအချိန်အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၂၅၁ မှုတွင် တရားခံ ၄၂၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရသိရသည်။