ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးဒေသမှ အသက် ၁၉ နှစ်အရွယ်ရှိ သမီးအရင်းဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုဖြင့် ဖခင်တဦးအား မြောင်းမြခရိုင် တရားရုံးက နိုဝင်ဘာ ၃၀ ရက်နေ့တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျုံမငေးမြို့မစခန်းမှူး ရဲအုပ် ခင်မောင်သန်းက “သူက (ဦးဟံငွေ) လှေနဲ့ ငါးဖမ်းတယ်။ ညဘက်ပိုင်း ငါးဖမ်းသွားတဲ့အခါ သူ့သမီးကို ခေါ်သွားတယ်။ သွားရင်းနဲ့ ကြာလာတဲ့ အခါတော့ ဒီလို ဖြစ်သွားတာပေါ့။ သူက မမူးဘူး။ အရက်မသောက်တတ်ဘူး။ နီးစပ်မှုနဲ့ စိတ်တခုကြောင့် ဒီလိုဖြစ်သွားတာပေါ့။ ဒီအမှုနဲ့ ပတ်သတ်လို့ မြောင်းမြခရိုင်တရားရုံးကတော့ မနေ့ကဦးဟံငွေကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
တရားခံ ဦးဟံငွေမှာ အသက် ၁၉ နှစ်အရွယ် သမီးအရင်းအားညပိုင်းငါးဖမ်းသွားစဉ် လှေပေါ်၌ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ကာယကံရှင်သမီးဖြစ်သူကိုယ်တိုင် တရားလိုပြုလုပ်၍ ယခုနှစ် ဇွန်လပိုင်းက ကျုံမငေးမြို့ ရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က ပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် ဦးဟံငွေကို ဖမ်းဆီးခဲ့ပြီး အမှုကိုလည်း မြောင်းမြခရိုင်တရားရုံးသို့ တင်ပို့ခဲ့သည်။
အဆိုပါအမှုအားမြောင်းမြခရိုင်တရားရုံးက ၅ လနီးပါး ကြားနာစစ်ဆေးပြီးနောက် သမီးဖြစ်သူအားမုဒိန်းကျင့် ခဲ့ကြောင်း ပြစ်မှု ထင်ရှားသဖြင့် မြောင်းမြခရိုင် တရားသူကြီး ဒေါ်ဌေးဌေး က တရားခံဦးဟံငွေကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီးနောက် မည်သူ့ကိုမျှ ပြန်မပြောရန်နှင့် ပြောပါကသတ်ပစ်မည်ဟု ခြိမ်းခြောက် ထားခဲ့သဖြင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်မှာ မည်သူ့ကိုမျှ ဖွင့်မပြောရဲကြောင်း၊ ရန်ကုန်မြို့တွင် နေထိုင်သည့် အစ်မဖြစ်သူက ရွာသို့ ပြန်ရောက်စဉ် ညီမဖြစ်သူကိုမသင်္ကာ၍ ကျုံမငေးမြို့ပေါ်၌ ဆီးစစ်ကြည့်ရာ ကိုယ်ဝန်ရှိနေသည်ကို သိရှိခဲ့ရကြောင်း၊ ထိုအချိန် ကြမှ ညီမဖြစ်သူက ဖြစ်စဉ်ကို ဖွင့်ပြောပြခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ကလေးမလေးမှာ အမေမရှိဘူး။ သူ့အဖေ ဦးဟံငွေ က နောက်အိမ်ထောင် ပြုထားတော့ မိထွေးနဲ့ နေရတာ။ ရန်ကုန်က သူ့အစ်မက ရွာပြန်လာပြီးမင်္ဂလာဆောင်ရင်း သူ့ညီမပုံစံမသင်္ကာလို့ ကျုံမငေးမှာဆီးစစ် ကြည့်တော့ ကိုယ်ဝန်က ၅ လ ရှိနေပြီ။ အဲ့ကျမှ သူ့အဖေကဒီလိုလုပ်တာဆိုပြီး ကောင်မလေးက ဖွင့်ပြောတာ။ ပြီးတော့ ကျနော်တို့ စခန်းမှာ ကလေးမလေးကိုယ်တိုင် တရားလိုအဖြစ်နဲ့ အမှုဖွင့်ခဲ့တာ။ ကိုယ်ဝန်ကတော့ မိန်းကလေးမွေးတယ်လို့ သိရတယ်” ဟု ရဲအုပ် ခင်မောင်သန်း က ပြောသည်။