ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နောက်ဆုံးဖြစ်ပွားခဲ့သော မြန်မာ တပ်မတော်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA) တို့ကြားမှ တိုက်ပွဲများကြောင့် နမ္မတူ နှင့် မိုင်းတုံမြို့နယ်များမှ ပြည်သူ ၄၀၀ ခန့် သူတို့၏ နေအိမ်များကို စွန့်ခွာ၍ နမ္မတူ မြို့သို့လာရောက်ခိုလှုံနေကြကြောင်း ဒေသခံများ၏ အဆိုအရသိရသည်။
“မနေ့က ၁၇၇ ယောက် ရောက်လာတယ်။ သူတို့က မန်တုံ မြို့နယ် နမ်ဟိုင် ကျေးရွာကပါ” ဟု နမ္မတူမြို့နယ် ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သူ ဒေါ်နန်းစံဟွမ် ကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အတွင်းတွင် နမ္မတူမြို့သို့ စစ်ရှောင်ဒုက္ခသည် ၁၉၆ ဦးရောက်လာခဲ့သည်ဟု လည်း သူကဆိုသည်။ အဆိုပါ စစ်ရှောင် ဒုက္ခသည်များမှာ နမ္မတူနှင့် မန်တုံ မြို့နယ်များ အတွင်းရှိ မိုင်းတက်၊ မိုင်းဆင်၊ နားလေ၊ ပန်ဝါ ကျေးရွာများမှ ဖြစ်သည်ဟု သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ပူးပေါင်းထားသည့် မဟာမိတ်တပ်ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ ရှမ်းပြည် နယ် မြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များကို ထိုးစစ်ဆင်နွှဲခဲ့သည်။ အဆိုပါ မဟာမိတ်အဖွဲ့တွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရခိုင်တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ပါဝင်သည်။
တိုက်ပွဲများ စတင်သည့် အချိန်မှစ၍ လူ ၁၄ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူ ၅၀ ရှိသည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး မှ ထုတ်ပြန်ကျေညာခဲ့သည်။ ထောင်နှင့် ချီသော ပြည်သူများမှာ နေအိမ်ကို စွန့်ခွာ၍ ရှမ်းပြည်နယ်တွင်း သို့မဟုတ် နယ်နိမိတ် ချင်းထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းသို့ ထွက်ပြေးခဲ့ကြရသည်။
နမ္မတူမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယန် ဘုရားကျောင်းများနှင့် ဘာသာရေး အဆောက်အဦးများတွင် စစ်ရှောင် ဒုက္ခသည် ၄၀၀ ခန့်ရောက်ရှိနေကြပြီး ပဋိပက္ခများ ပြီးဆုံးမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
“နိုဝင်ဘာလ ၂၆ ရက်နေ့က ရောက်လာတဲ့ အဖွဲ့ထဲမှာ ဒဏ်ရာ ရတဲ့သူ ၆ ယောက်ပါလာတယ်။ ၄ ယောက်က အမျိုးသား၊ ၂ ယောက်က အမျိုးသမီး” ဟု ဒေါ်နန်းစံဟွမ်ကပြောသည်။
“သူတို့ ပထမဆုံးရောက်လာတဲ့ နေ့က နမ္မတူမြို့ခံတွေက အစားအစာတွေ လှူကြပါတယ်။ ဒါပေမယ့် အဲဒါတွေက လူတိုင်း ကို လုံလုံလောက်လောက် မကျွေးနိုင်ဘူး။ နေဖို့ အတွက်ကတော့ မြို့ခံတွေက ယာယီတဲလေးတွေ ဆောက်ဖို့ ဝါးတွေလှူပါ တယ်။ ကျမတို့ ဒီလောက်ပဲ တတ်နိုင်ပါတယ်။ သူတို့ အားလုံး နေထိုင်ဖို့ နေရာထိုင်ခင်းတွေတော့ ပြည်စုံအောင်တော့ ကျမတို့ ပေးဖို့ မတတ်နိုင်ပါဘူး” ဟု လည်းသူကပြောသည်။
ရှမ်းပြည်နယ် အစိုးရနှင့် လူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနကလည်း အစားအစာနှင့် နေစရာများ ထောက်ပံ့ကူညီပေးသည်ဟု ဒေါ်နန်းစံဟွမ်ကပြောသည်။
ပြီးခဲ့သည့် အပတ်အတွင်းက နမ္မတူနှင့် မန်တုံမြို့နယ်များတွင် တိုက်ပွဲများ အမြောက်အများ ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် TNLA က ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S) တပ်စွဲထားသည့် နေရာအချို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ များမကြာမီမှာပင် မြန်မာ့တပ်မတော်က SSA-S မှ ဆုံးရှုံးသွားသော စခန်းများကို ပြန်လည် ရယူနိုင်ရန် အတွက် TNLA ကို တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ ထုတ်ပြန် ချက်အရသိရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့က ပန်ဝါကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲက အနည်းဆုံး ၅ နာရီကြာမြင့်ခဲ့သည်။ အဆိုပါ တိုက် ပွဲတွင် မြန်မာတပ်မတော်က အရပ်သားများနေထိုင်သည့် နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု TNLA ကစွပ်စွဲခဲ့သည်။ ထို့ကြောင့် ရွာသားများ စိုးရိမ်ကြောက်လန့်ပြီး နေအိမ်မှ ထွက်ပြေးခဲ့ကြရသည်ဟု TNLA ၏ သတင်း နှင့် ပြန်ကြားရေး ဌာနက ဆိုသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန်တုံမြို့နယ် အတွင်းရှိ ကုန်းမုံ-ကုန်းညောင် ရွာတွင် တိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့ သည်။ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက မန်တုံမြို့နယ်တွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။