ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က “လူမျိုးတုံး သတ်ဖြတ်မှု” ဆိုသည့် အသုံးအနှုန်းကို သတိထား၍ သုံးစွဲသင့်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၆ ရက်နေ့ သတင်းရှင်းလင်းပွဲတွင် သတင်းထောက်များက မစ္စတာ ကိုဖီအာနန်ကို ရခိုင်ပြည်နယ်မှ ပဋိပက္ခများ နှင့် ပတ်သက်၍ နိုင်ငံတကာ သတင်းအချို့တွင် ဖော်ပြခဲ့သကဲ့သို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ မိမိကိုယ်ကို ရိုဟင်ဂျာဟု သတ်မှတ်သူများအား အစိုးရလုံခြုံရေး တပ်ဖွဲ့များက လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းခဲ့ကြသည်။
“လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ အရမ်းပြင်းထန်တဲ့ စွပ်စွဲမှု တခုဖြစ်ပါတယ်။ အဲဒီလို စွပ်စွဲဖို့ အတွက် ဥပဒေရေးရာအရ သုံးသပ်မှုတွေ၊ တရားရေး စီရင်ဆုံးဖြတ်မှုတွေ လိုအပ်ပါတယ်။ လက်လွတ်စပယ် မသုံးသင့်ပါဘူး” ဟု ကိုဖီအာနန်က ပြောသည်။
နိုဝင်ဘာလ နှောင်းပိုင်းက BBC သတင်းဌာန အင်္ဂလိပ်ပိုင်းက ရေးသားတင်ဆက်ခဲ့သည့် သတင်းတခုတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရာရှိတဦး၏ ပြောကြားချက်ကို ကိုးကားကာ မြန်မာအစိုးရသည် လူနည်းစု မွတ်စလင်များကိုု လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ပြောကြားကြောင်း ဖော်ပြခဲ့သည်။ ယင်းဖော်ပြချက်ကို မြန်မာအစိုးရက အဆိုပါ စွပ်စွဲချက်မှာ မှားယွင်းကြောင်း ငြင်းဆန်ထားသည်။
ရခိုင် ပဋိပက္ခနှင့် ပတ်သက်၍ စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားသည်။
“ပြဿနာကို ပိုမိုကြီးထွားစေမယ့် အရာတွေကို တွန်းအားပေးမယ့်အစား၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ (ရခိုင်ပြည်နယ်) တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ဖို့နဲ့ နှစ်ဖက်အသိုင်းအဝိုင်း ၂ ခုကြားက ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာ အောင်တည်ဆောက်ဖို့ ကူညီမယ်ဆိုရင် ကျမ အလွန် ကျေနပ်မိမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
မောင်တောမြို့နယ်တွင် လတ်တလော ဖြစ်ပေါ်ခဲ့သည့် မြန်မာစစ်တပ်နှင့် မွတ်စလင် လက်နက်ကိုင်များ၏ တိုက်ပွဲများ နောက်ပိုင်း ရခိုင်ပြည်နယ်၏ မြေပြင် အခြေအနေများကို အနီးကပ်လေ့လာရန် ကိုဖီအာနန်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ နှောင်းပိုင်းကတည်းက ရောက်ရှိနေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ၃ ရက်ကြာ ခရီးစဉ်အတွင်းတွင် သူနှင့် တခြား ကော်မရှင် အဖွဲ့ဝင် ၈ ဦးတို့ သည် ဘူးသီးတောင်မြို့နယ်၊ မြေပုံမြို့နယ် နှင့် ရှေးဟောင်းမြို့တော် မြောက်ဦးသို့ သွားရောက်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ များက လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက စွပ်စွဲထားသည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ ကျေးရွာများသို့လည်း သွားရောက်ခဲ့ပါသည်။
ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားနှင့် မွတ်စလင် အသိုင်းအဝိုင်း ၂ ခုလုံး၊ ဘာသာရေး ခေါင်းဆောင်များ၊ လူငယ်များ၏ မတူကွဲပြားသော အမြင်များကို မှတ်တမ်းတင်ရန် အားထုတ်ခဲ့သော်လည်း ရခိုင် အရပ်ဘက် အဖွဲ့အစည်းနှင့် နိုင်ငံရေးသမား အနည်းငယ်ကသာ ကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် လက်ခံခဲ့ကြသည်။ အများစုက ကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ်၏ ပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု ထင်မြင်ကြသည်။
ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ကိုဖီအာနန်နှင့် တွေ့ဆုံသော (နေပြည်တော်) အစည်းအဝေးသို့ တက်ရောက်ခဲ့ သူတဦးက ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသား အသိုင်းအဝိုင်း၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းအပေါ် ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်မှာ စိတ်မကောင်းဖြစ်လျှက် ရှိကြောင်း ဧရာဝတီသို့ ပြောပြသည်။
ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကိုဖီအာနန်သည် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ဆုံခဲ့သလို ရခိုင်တိုင်း ရင်းသား လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
မြန်မာစစ်တပ်က မောင်တောမြို့နယ်ကို စစ်ဆင်ရေး ဒေသအဖြစ် ကြေငြာခဲ့ပြီးနောက်ပိုင်း သတင်းထောက်များကို ဒေသတွင်း လွတ်လပ်စွာ သတင်းရယူခွင့်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း ပိတ်ပင်ထားခဲ့သည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့ချိန်တွင် ကိုဖီအာနန်က မီဒီယာ နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့များကို ပဋိပက္ခဒေသတွင်းသို့ ဝင်ရောက်ခွင့် ကန့်သတ်ထားခြင်းကို ပယ်ဖျက် ပေးရန် တိုက်တွန်းခဲ့သည်။ ကန့်သတ်ချုပ်ခြယ်မှုများကို ဖယ်ရှားပေးခြင်းက လူမှုအသိုင်းအဝိုင်းများ၏ အခြေအနေနှင့် လက်တွေ့ ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ပိုမိုနားလည်စေလိမ့်မည်ဟု သူက ရှင်းပြသည်။
“သတင်းတွေ၊ ကောလာဟလတွေ အများကြီး ရှိပါတယ်။ ဘာတွေ ဖြစ်နေတယ် ဆိုတာကို ပြည်သူတွေက မသိဘူး။ ပွင့်လင်းမြင်သာမှုဆိုတာ ကောလာဟလတွေကို ချေဖျက်ပစ်ဖို့ အားကောင်းတဲ့ ကိရိယာတခု ဖြစ်ပါတယ်။ စာနယ် ဇင်းတွေကိုလည်း သူတို့ အလုပ်ကို လုပ်ဖို့ခွင့်ပြုပေးသင့်ပါတယ်” ဟု သူက ထောက်ပြခဲ့သည်။
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်က ၎င်းတို့၏ အစီရင်ခံစာကို ဖေဖော်ဝါရီလတွင် ပြည်ထောင်စု အစိုးရသို့ တင်သွင်းသွားမည် ဖြစ်သည်။
အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုရန်
Kofi Annan: Charge of ‘Genocide’ Should Not Be Used ‘Loosely’ in Arakan State