Multi–level Marketing (MLM) ဆင့်ပွား စနစ်ဖြင့် ရောင်းချနေသည့် ပြည်တွင်း ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်မှုများသည် တည်ဆဲ ဥပဒေများနှင့် ညီညွှတ်မှု ရှိ၊ မရှိ ပြည်ထဲရေး ဝန်ကြီးဌာနက စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ပြည်ထဲရေး ဝန်ကြီးဌာနက MLM စနစ်ဖြင့် ဆောင်ရွက်နေသည့် ကုမ္ပဏီများ စာရင်းနှင့် အသေးစိတ် အချက်အလက်များကို ကောက်ယူ လျက်ရှိပြီး ယင်းကုမ္ပဏီများကို တိုင်ကြားမှုများ ရှိလာခြင်း၊ ဥပဒေနှင့် မညီကြောင်း စုံးစမ်းပေါ်ပေါက်ခြင်း ဖြစ်ပေါ်ပါက တည်ဆဲ ဥပဒေများနှင့် အရေးယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“စိစစ် ပေါ်ပေါက်ချက် အပေါ်မှာ မူတည်ပြီးတော့ အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ၊ ဝင်ငွေခွန် ဥပဒေနဲ့ ကုန်သွယ် လုပ်ငန်းခွန် စတဲ့ တည်ဆဲ ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် အောင်စိုးက ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Multi-level Marketing (MLM) ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်းကို တားမြစ်ပိတ်ပင် အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့သည်။
“ပြည်သူလူထုကို ဂုတ်သွေးစုတ် အမြတ်ထုတ်နေတဲ့ Multi-level Marketing စနစ်ကို တားမြစ်ကန့်သတ်ရန် အစီအစဉ် ရှိ၊ မရှိ ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ မေးမြန်းရခြင်း ဖြစ်ပါတယ်။ အဲဒီစနစ်နဲ့ အများစုရဲ့ လုပ်အားကို ခေါင်းပုံဖြတ် အမြတ်ထုတ်ကာ ထိပ်ပိုင်းမှာ ရှိနေသူများ ကြီးစွာ အကျိုးအမြတ် ရရှိနေတဲ့ ကုမ္ပဏီပေါင်း ၁၀ဝ ကျော် ရှိနေပါတယ်” ဟု ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
ယင်းလုပ်ငန်းကို တရုတ်နိုင်ငံက လုံးဝ ပိတ်ပင်ထားကြောင်း၊ အမေရိကန်၊ စင်ကာပူ နိုင်ငံတို့တွင် အထူးတားမြစ် ကြပ်မတ် ခံထားရသည့် လုပ်ငန်း တချို့သည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ တချို့အရ တရားဝင် ဖြစ်စေရန် ပြင်ဆင်လာကြပြီး ယင်းအားနည်းချက်ကို အသုံးချ၍ မသိနားမလည်သူများ၏ အချိန်၊ ငွေ၊ လုပ်အားခများကို ခေါင်းပုံဖြတ်နေသည်ဟု ဦးအောင်ကျော်ကျော်ဦးက လွှတ်တော်တွင် ဆွေးနွေးသည်။
MLM လုပ်ငန်းရှင် အများစုသည် ပြည်ပ လုပ်ငန်းရှင်များ ဖြစ်နေကြောင်း၊ ထို့ကြောင့် ၄င်းတို့ကို အရေးယူနိုင်ရန် MLM နှင့် ပတ်သက်သည့် ဥပဒေတခု ပေါ်ပေါက်လာစေရန် ကြိုးစားသွားမည် ဖြစ်သော်လည်း တိုင်းပြည်၏ အခြေအနေအရ ဥပဒေ မစိုးမိုးသေးသဖြင့် ယခု MLM စနစ်ကို လုံးဝ ပိတ်ဆို့ ပျက်စီးစေချင်ကြောင်း ဦးအောင်ကျော်ကျော်ဦးက လွှတ်တော် အပြီးတွင် မီဒီယာများသို့ ပြောသည်။
“အမျိုးသမီးတယောက်ဆိုရင် အမွေရထားတဲ့ပိုက်ဆံက သိန်း ၂၀ လောက်ရှိတယ်။ သူက ရေဒီယိုသတ္တုကြွတွေကို ကာကွယ်နိုင်တယ် ဆိုတဲ့ ဖန်ပြာလေး ၂ ခုကို ၁၇ သိန်းနဲ့ ဝယ်လိုက်တယ်။ ဆင့်ပွားစနစ်ဆိုပေမယ့် ဝယ်ပြီးတော့ ပြန်ရောင်းလို့လည်း မရဘူး။ သူ့မှာ အများကြီး ဆုံးရှုံးမှုတွေ ရှိခဲ့တယ်” ဟု ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
သူက ဆက်၍ “တချို့ပစ္စည်းတွေဆိုရင် သွင်းလာတာ ၆ ဒေါ်လာနဲ့ သွင်းလာတယ်။ မြန်မာပြည်ကို ရောက်တော့ ၈ သိန်းခွဲနဲ့ ရောင်းတယ်။ အမြတ်ကို ဘယ်လောက်တောင် ယူထားလဲဆိုတာ ပေါ်လွင်နေတယ်။ အဲဒီလိုကိစ္စတွေမှာ အစိုးရကနေ ညွှန်ကြားချက်ထုတ်ပြီး ကြီးကြပ်ပေးဖို့ လိုနေပြီ”ဟု ပြောသည်။
MLM စနစ်သည် အမေရိကန်နိုင်ငံတွင် ကုန်ပစ္စည်းများ တိုက်ရိုက် ရောင်းချသူများက ၄င်းတို့၏ ကိုယ်ပိုင်ပစ္စည်း သာမက ကုမ္ပဏီများ၏ ပစ္စည်းများကိုပါ ယူဆောင်ပြီး ရောင်းချပေးသည့် ကော်မရှင်က ရယူဆောင်ရွက်သည့် စနစ် ဖြစ်ကြောင်း၊ အမှန်တကယ် ကျသင့် တန်ဖိုးထက် အဆများစွာ မြှင့်တင် ရောင်းချနေသည်ကို လေ့လာတွေ့ရှိရသည်ဟု ပြည်ထဲရေး ဒုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။
အာဆီယံနိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် MLM စနစ်ကို ဥပဒေ ပြဌာန်း၍ ကန့်သတ်တားမြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုတွင်လည်း MLM ရောင်းချခြင်းကို စားသုံးသူ အကာအကွယ်ပေးရေးဥပဒေနှင့် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောသည်။
မြန်မာနိုင်ငံတွင် Multi-level Marketing စနစ် အသုံးပြု ရောင်းချခဲ့သည့် ကုမ္ပဏီများနှင့် ပတ်သက်၍ ၂၀ဝ၉၊ ၂၀၁၁ ခုနှစ်တို့တွင် လေသန့်ဆေးနှင့် ဖြည့်စွက် အစားအစာတို့ကို MLM စနစ်နှင့် ရောင်းချခဲ့သည့် ပြည်တွင်းကုမ္ပဏီ ၂ ခုနှင့် ပြည်ပကုမ္ပဏီ ၁ ခုတို့မှ တာဝန်ရှိသူများကို အရေးပေါ် စီမံအက်ဥပဒေဖြင့် အရေးယူပြီး ထောင်ဒဏ်ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
“လက်ရှိ အချိန်ထိ စိစစ် တွေ့ရှိတဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်လို့လည်း တည်ဆဲဥပဒေများနဲ့ အညီ စိစစ်တဲ့အခါမှာ ကျနော်တို့ ပြည်ထဲရေး ဝန်ကြီးဌာနတခုတည်းသာ မကဘဲနဲ့ ပို့ကုန်တင်သွင်းမှု ပုဒ်မ၊ အခွန် ပုဒ်မ တွေနဲ့ တိုက်ဆိုင် စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်ချုပ် အောင်စိုးက ပြောသည်။
MLM စနစ်ဖြင့် ဆောင်ရွက်သော ကုန်ပစ္စည်းများကို အခွန်တိမ်းရှောင်သူများ တွေ့ရှိပါက ဥပဒေနဲ့အညီ ဒဏ်ငွေတပ်ခြင်း၊ တရားစွဲဆိုခြင်း များကိုလည်း အလေးထား ဆောင်ရွက်သွားမည်ဟု သိရသည်။