ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးပေါင်း ၁၇၆ ဈေးကို လက်ရှိ အစိုးရသက်တမ်းအတွင်း အပြီးသတ် အဆင့်မြှင့်တင်မှု များ ပြုလုပ်သွားမည်ဖြစ်ပြီး လမ်းဘေး ဈေးသည်စင်တာ (Hawker Centre)များ ဖော်ထုတ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
“ဈေးပေါင်း ၁၇၆ ဈေးလုံးကို ကျနော်တို့ ဒီသက်တမ်းအတွင်းမှာ ပြီးပြတ်အောင်ဆောင်ရွက်ပါမယ်။ ဘာကြောင့်လုပ်လဲဆို ဈေးတွေဟာ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်လိုနေရာမျိုးတွေမှာရှိတယ်။ ကားပါကင်တွေ လိုလည်းလိုတယ်။ Hawker Centre တွေလည်း လိုအပ်ပါတယ်။ ဒါတွေတည်ဆောက်ပေးနိုင်ရန် လမ်းဘေးဈေးသည်တွေအဆင့်က နောက်ပိုင်းမှာ Hawker Centre တွေ ဝင်ရောင်းနိုင်မယ့်အဆင့်အထိ တဖြည်းဖြည်းလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၈ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏ လမ်းမများပွဲတော်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။
ဈေးပေါင်း ၁၇၆ ဈေးကို အဆင့်မြှင့်တင်မှုလုပ်ဆောင်ရာတွင် တကြိမ်ဆောင်ရွက်လျှင် ဈေး ၂၀ ဆောင်ရွက်ရန် ကွင်းဆင်း မှုများပြုလုပ်နေသည်ဟု ၎င်းကဖြည့်စွက်ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်လှိုင်မော်ဦးကလည်း “Hawker Center တွေ ဖော်ထုတ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီစင်တာတွေမှာ လမ်းဘေးမှာရောင်းနေတဲ့သူ တွေကို တရားဝင်ရောင်းနိုင်အောင်စီစဉ်ပါမယ်။ မကြာခင်ကာလမှာ မင်္ဂလာဈေးနေရာကိုလည်း ပြန်ပြီးအဆင့်မြှင့်တင်မှာပါ။ Hawker Center တွေ၊ ကားပါကင်နေရာတွေပါဝင်တဲ့ဒီဇိုင်းတွေ Competition ခေါ်ဖို့ စီစဉ်ထားပြီးပါပြီ။ ဒီနှစ်မကုန်ခင်မှာ အဲဒီ Competition ခေါ်ပါမယ်” ဟု ရှင်းပြသည်။
လမ်းဘေးဈေးသည်များ နေရာချထားရေးနှင့်ပတ်သက်၍ လက်ရှိ ၄ မြို့နယ်အတွင်းလုပ်ဆောင်နေသကဲ့သို့ ကျန် သည့်မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ YCDC၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်းပြီး ဈေးသည်များ၏လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြော သည်။
ဆက်လက်၍ ၎င်းက ဘဏ်လမ်းရှိပလက်ဖောင်းများကို ပြုပြင်ထားပြီး ပေ ၂၀ ကျော်ရှိသည့် ယင်းပလက်ဖောင်းပေါ်တွင် ကျောက်တံတားမြို့နယ်အတွင်းရှိ ကျန်ရှိသေးသောလမ်းဘေးဈေးသည်များကို ရွှေ့ပေးရန် နေရာစီစဉ်ပေးသွားမည်ဖြစ် ကြောင်း၊ ယခုအခါ ညဈေးတန်းတွင် မနက် ၆ နာရီမှ ၁၁ နာရီအထိ မနက်ဈေးအဖြစ် ဟင်းသီးဟင်းရွက်၊ သားငါးဈေးသည် များကို ရောင်းချခွင့်ပြုထားကြောင်း ပြောသည်။
ဒေါ်လှိုင်မော်ဦးက “ခုစားသောက်ဆိုင်၊ သစ်သီးဆိုင်တွေကို ဦးစားပေးတယ်။ လမ်းမကြီးက ဈေးသည်တွေကို ဦးစားပေး တယ်။ အတွင်းလမ်းတွေမှာ ရောင်းခွင့်ပေးထားတယ်။ အဲမှာလမ်းမကြီးမရှိတဲ့ဈေးသည်တချို့ဟာ နေရာချထားပေးတဲ့ နေရာမှာ တကယ်လာမရောင်းဘဲ နေနေတဲ့နေရာမှာ နောက်ထပ်ရောင်းချင်တဲ့ဈေးသည်တွေကို နေရာပေးမယ်။ ဒီအပြင် ညနေ ၃ နာရီကနေ ၉ နာရီအပြင် မနက်ပိုင်းမှာပါရောင်းခွင့်ပေးထားတယ်” ဟု ဆိုသည်။
နိုဝင်ဘာ ၂၃ ရက်ကစတင်ပြီး သခင်မြပန်းခြံအနီးမှ ပန်းဆိုးတန်းကမ်းနားအထိ ညဈေးတန်းအသစ်တခုကို ဖွင့် လှစ်ခဲ့ပြီးနောက် လမ်းမတော်၊ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း ၄ မြို့နယ် လမ်းမကြီးများပေါ်ရှိ လမ်းဘေးဈေးသည် တချို့ကို ပြောင်းရွှေ့နေရာချထားပေးကာ ညနေ ၃ နာရီမှ ည ၉ နာရီအထိ ရောင်းချခွင့်ပေးထားကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စာရင်းများအရ ယင်းမြို့နယ် ၄ မြို့ လမ်းမကြီး၊ လမ်းကြားအတွင်းရှိ လမ်း ဘေးဈေးသည်ပေါင်း ၆၀၀၀ ကျော်ရှိသည်။ သို့သော် ၁၆၀၀ ကျော်သာ တရားဝင်လက်မှတ်များဖြင့် ညဈေးတွင် ရောင်းချခွင့် ရသည့်အတွက် ဈေးသည်များမှမကျေနပ်မှုများဖြစ်ပေါ်ကာ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။
လမ်းဘေးပလက်ဖောင်းပေါ် ဈေးရောင်းခြင်းသည် တရားမဝင်သည့်အတွက် တရားဝင်ရောင်းချနိုင်ရေးအတွက် တိုင်းအစိုးရက ဥပဒေနှင့် အညီ ဆောင်ရွက်ပေးနေသကဲ့သို့ ဥပဒေလိုက်နာမှု မရှိသူကိုများကိုလည်း ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။