ယခုနှစ်အတွင်း ငလျင် လှုပ်ခတ်ပြီး နောက်ပိုင်း ပုဂံဒေသသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများသည် စက်တင်ဘာ လမှ နိုဝင်ဘာလ အထိ ၃ လအတွင်း သိသာစွာ မြင့်တက်လာကြောင်း စုံစမ်း သိရှိရသည်။
ယခင်နှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လအတွင်း ကမ္ကာလှည့်ခရီးသည် ဝင်ရောက်မှုသည် လူဦးရေ ၆၁၇၀၀ ရှိပြီး ယခုနှစ် ထို ၃ လ အတွင်း ဝင်ရောက်မှုသည် လူဦးရေ ၇၈၅၀၀ အထိ ရောက်ရှိလာကြောင်း ရှေ့ဟောင်း သုတေ သန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောပြသည်။
ထို့ကြောင့် ယခင်နှစ် ၃ လနှင့် ယခုနှစ် ၃ လ နှိုင်းယှဉ်လျှင် လူဦးရေ စုစုပေါင်း ၁၆၈၀၀ အထိ တိုးမြင့်လာကြောင်း သိရ သည်။
“မနှစ်ကထက် ယခုနှစ် နိုဝင်ဘာလမှာ ခြောက်ထောင်လောက် တက်လာတယ်။ ငလျင်လှုပ်ပြီး နောက်ပိုင်းမှာ ခရီးသွား နှုန်း မကျဘဲ စိတ်ဝင်စားမှုက ပိုတောင် မြင့်လာသေးတယ်။ ယဉ်ကျေးမှုကို လေ့လာတဲ့ သူတို့အတွက်က ဒီလိုအချိန်မျိုး မှာ ပိုတောင်လေ့လာသင့်တဲ့ နေရာမျိုးပဲလို့ ယူဆပုံရတယ်။ ပိုတောင် လာရောက် လည်ပတ်မှု များလာသေးတယ်” ဟု ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။
ပြည်တွင်းသို့ နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ယခု ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် အတွင်းနှင့် ယခင် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်ကို နှိုင်းယှဉ်ကြည့်လျှင် တနိုင်ငံလုံး အနေဖြင့် ကျဆင်းနေကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်း မှတ်တမ်းများ အရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်စ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်ပခရီးသွား ၃ ဒသမ ၃ သန်း ဝန်းကျင် ဝင်ရောက်ခဲ့ပြီး ယခုဘဏ္ဍာနှစ် အလားတူကာလအထိ ပြည်ပခရီးသွား ၃ သန်း ဝန်းကျင်သာ ဝင်ရောက် ထားကြောင်းလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းမှတ်တမ်းများတွင် ဖော်ပြပါရှိသည်။
ပုဂံဒေသသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားခရီးသွား အများစုသည် ယခင်လို အဖွဲ့လိုက် ဧည့်လမ်းညွှန်နှင့် လည်ပတ်ခြင်းထက် ယခု နောက်ပိုင်းတွင် ကိုယ့်အစီအစဉ်နှင့် ကိုယ် လည်ပတ်မှု ပိုများလာကြောင်း ဧည့်လမ်းညွှန် လုပ်ကိုင် နေသူ တချို့က ပြောသည်။
“ကျနော်တို့ကို မေးရင်တော့ ဧည်သည့်ဝင်ရောက်တာ သိပ်မရှိဘူးလို့ ပြောရမလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆို အခု နောက်ပိုင်း ဧည့်လမ်းညွှန် လုပ်ပေးရတာ ပိုနည်းသွားတာကိုး။ ပြည်ပခရီးသွားတွေက သူတို့ အစီအစဉ်နဲ့ သူတို့လာကြ တာ များလာတယ်”ဟု ဥရောပနိုင်ငံသား ကမ္ကာလှည့်ခရီးသည်များ အဖွဲ့ကို ဧည့်လမ်းညွှန် အဖြစ် လုပ်ပေးနေသူ တဦး က ပြောဆိုသည်။
ယခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ ဒေသရှိ စေတီပုထိုးပေါင်း ၃၈၉ ဆူ ထိခိုက် ပျက်စီးခဲ့ရပြီးနောက် ဘုရားစေတီတချို့တွင် ဘုရားပေါ် တက်ရောက်ခွင့်နှင့် တချို့နေရာများကို သွားလာ ခွင့် ယာယီ ပိတ်ထားဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။