သမ္မတဟောင်း ဦးသိန်းစိန်သည် ၂၀၁၆ ခုနှစ် အတွက် The Asia Cosmopolitan Awards မှ ချီးမြှင့်သည့် ဆုများ အနက်မှ အထူးဆု (Grand) ရရှိကြောင်းနှင့် ၎င်းသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း အကောင်းမွန်ဆုံး ဦးစီးခေါင်းဆောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ရရှိခြင်း ဖြစ်ကြောင်း သိရသည်။
စီးပွားရေး ပထဝီဝင် ဖော်ဆောင်နိုင်မှုကြောင့် ဂျပန်နိုင်ငံ နိုင်ငံသား ပါမောက္ခ မာဆာဟီဆာ ဖူဂျီတာ (Professor Masahisa Fujita) အား စီးပွားရေးနှင့် လူမှုသိပ္ပံဆု (Economic and Social Science Prize)၊ ပထမဆုံးသော ဥရောပကောင်စီ အချိန်ပြည့် ဥက္ကဋ္ဌ ဘယ်လ်ဂျီယန်နိုင်ငံသား မစ္စတာ ဟာမန်ဗန်ရွမ်ပူအား ၎င်း၏ ဟိုက္ကူကဗျာ၊ အာရှ ငြိမ်းချမ်းညီညွတ်ရေးနှင့် အပြန်အလှန် နားလည်ရေး မြှင့်တင် ပေးနိုင်ခြင်းကြေင့် ယဉ်ကျေးမှုရေးရာဆု ပေးအပ်ချီးမြှင့် ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ဆုများကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံ နရခရိုင်တွင် ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Asia Cosmopolitan Awards ဆုကို အာဆီယံနှင့် အရှေ့အာရှဒေသ စီးပွားရေး သုတေသန သိပ္ပံ (Economic Research Institute for ASEAN and East Asia – ERIA) မှ ထူထောင်ခဲ့ခြင်း ဖြစ်ပြီး၊ အာရှ၊ အရှေ့အာရှ ဒေသတွင်းနှင့် ကမ္ဘာ့ဒေသများမှ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာခြားမှု လျှော့ချနိုင်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည့် တသီးပုဂ္ဂလပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား ရွေးချယ်ကာ ၂၀၁၂ ခုနှစ်မှ စကာ ၂ နှစ် ၁ ကြိမ်ပေးအပ်သည့် တတိယအကြိမ်မြောက် ဖြစ်သည်။
သမ္မတဟောင်း ဦးသိန်းစိန်သည် ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပတ်စဉ် – ၉ သို့ တက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် B.A (DSA) ရရှိကာ ၂၀၁၀ ခုနှစ် အထိ ဒုဗိုလ်အဆင့်မှ ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ ၎င်းသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင်လည်း အတွင်းရေးမှူး (၂) အဖြစ်၂၀၀၃ ခုနှစ်တွင်လည်းကောင်း၊ အတွင်းရေးမှူး (၁) အဖြစ် ၂၀၀၄ ခုနှစ်တွင်လည်းကောင်း ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာပြီး ၂၀၁၁ မတ်လ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ဦးသိန်းစိန်သည် ၂၀၁၀ ခုနှစ်တွင် စစ်တပ်မှ အငြိမ်းစားယူပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၆ ခုနှစ် မတ် ၃၀ တွင် အရပ်သားသမ္မတသစ်သို့ တည်ငြိမ်အေးချမ်းစွာ အာဏာလွှဲပြောင်းပေးနိုင်ခဲ့သည်။ ယခုအခါ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက အဖြစ်ထမ်းဆောင်လျက်ရှိပြီး ပါတီကို ဦးဆောင်လျက်ရှိသည်။ ။