တိုင်ကြားမှုများခံထားရသည့်မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တနသာင်္ရီတိုင်းလွှတ်တော်ဥက္ကဌ၊ဒုတိယဥက္ကဌများကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကယနေ့ရန်ကုန်မြို့တွင်စတင်စစ်ဆေးသည်။
မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့နှင့်ပတ်သက်၍ပါတီသို့တိုင်ကြားလာမှုများအပေါ်သီးသန့်စစ်ဆေးဖော်ထုတ်ရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကဦးဉာဏ်ဝင်း၊ဒေါက်တာမျိုးညွှန့်နှင့်ရှေ့နေဦးကျော်ဟိုးတို့၃ဦးပါဝင်သောလေ့လာသုံးသပ်ရေးအဖွဲ့ကို၂၀၁၆ခုနှစ်၊နိုဝင်ဘာ၂၈ရက်စွဲနေ့ကဖွဲ့စည်းကာတာဝန်ပေးခဲ့ခြင်းဖြစ်သည်။
ရှေ့နေဦးကျော်ဟိုးက“တနသာင်္ရီတိုင်းလွှတ်တော်ဥက္ကဌနဲ့ဒုဥက္ကဌကိုသူတို့အပေါ်မှာစွပ်စွဲထားတဲ့စွပ်စွဲချက်တွေကိုချပြပြီးတော့သူတို့ဘက်ကတင်ပြစရာရှိတာ၊ပြောစရာရှိတာသူတို့ဘက်ကအထောက်အထားနဲ့ပြစရာရှိတာတွေကိုကျနော်တို့ရယူခဲ့တယ်။မွန်ကတော့နေ့လယ်၁နာရီမှချိန်းထားတာပါ”ဟုဧရာဝတီသို့ပြောသည်။
တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌနှင့်ဒုဥက္ကဌများသည်တိုင်းလွှတ်တော်အဆောက်အအုံနှင့်ဆက်စပ်အဆောက်အဦးများဆောက်လုပ်ရန်ဆောက်လုပ်ခွင့်တင်ဒါများကိုဆွေမျိုးများနှင့်နီးစပ်သူများကိုပေးခဲ့ခြင်းအပေါ်NLD ပါတီမှတိုင်းအစိုးရအဖွဲ့ဝင်များ၊အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နှင့်တိုင်းလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၁၉ဦးတို့က“လွှတ်တော်ဥက္ကဌနဲ့ဒုဥက္ကဌ၏လုပ်ရပ်များအားပြန်လည်စိစစ်ပေးပါရန်”ဆိုသည့်ခေါင်းစဉ်ဖြင့်ပါတီဗဟိုသို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းအမည်မဖော်လိုသည့်တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးကဧရာဝတီသို့ပြောသည်။
“တင်ဒါကိစ္စကြောင့်လွှတ်တော်ဥက္ကဌတွေရဲ့စွမ်းဆောင်ရည်ကဒေသခံလူထုကြားမှာNLD ပုံရိပ်ကိုကျဆင်းစေတယ်။တင်ဒါကိစ္စလည်းအသံထွက်ရောအဲဒီတင်ဒါကိုဖျက်သိမ်းပစ်လိုက်တယ်ဆိုတော့လူထုကလည်းပွင့်ပွင့်လင်းလင်းပြောရရင်ပါတီကိုရော၊လွှတ်တော်ကိုယ်စားလှယ်တွေကိုရောအထင်သေးတဲ့အပိုင်းဖြစ်သွားတယ်”ဟုယင်းတိုင်းလွှတ်တော်ကိုယ်စားလှယ်ကပြောသည်။
တနင်္သာရီတိုင်းလွှတ်တော်ဒုတိယဥက္ကဌဦးကြည်စိုးကမူ၎င်းတို့အနေဖြင့်တင်ဒါခေါ်ဆိုရာ၌ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဆောင်နိုင်ခြင်းမရှိဟုစွပ်စွဲခံရကြောင်း၊တချို့ကိစ္စရပ်များသည်လွှတ်တော်ကိုယ်စားလှယ်များသိအောင်ရှင်းပြနိုင်ခြင်းရှိသလိုတချို့အင်ဂျင်နီယာပိုင်းဆိုင်ရာကိစ္စရပ်များတွင်အလုံးစုံရှင်းပြရန်မလွယ်ကူကြောင်းဧရာဝတီသို့ပြောသည်။
“နည်းပညာနဲ့ဆိုင်တဲ့BP ၊BQ တွက်ချက်မှုတွေကအင်ဂျင်နီယာတွေရဲ့အမှတ်ပေးတဲ့အပေါ်မှာမူတည်ပြီးတော့ရွေးခဲ့တာ။အမှတ်အများဆုံးရသူတွေကိုတင်ဒါပေးခဲ့တယ်ဆိုတာဗဟို(NLD)ကိုရှင်းပြတယ်။စွပ်စွဲတဲ့အထဲမှာဆွေမျိုးရောပါတယ်လို့ပြောတယ်။ဆွေမျိုးရော၊သူငယ်ချင်းရော၊NLD အသိုင်းအဝိုင်းကရောပါတယ်။မကင်းရာမကင်းကြောင်းတော့ဖြစ်တာပေါ့ဗျာ။ဒါပေမယ့်ဘယ်သူ့ကိုပေးလိုက်ပါဆိုပြီးတဦးတယောက်တည်းရဲ့သဘောနဲ့ပေးခဲ့တာမဟုတ်ဘူး”ဟုဦးကြည်စိုးကပြောသည်။
၎င်းကဆက်၍“တင်ဒါကိုပြန်ဖျက်လိုက်တော့လူအများစုကမမှန်ဘူးထင်ကြတယ်။အမှန်ကတင်ဒါကိစ္စကိုမလုပ်ခင်မှာအခြေအနေလေးတွေရှိတယ်ဗျ။ချပေးထားတဲ့ငွေပမာဏကလည်းတော်တော်လေးကြီးတယ်။ဒါပေမယ့်ဘာMaster Plan မှမရှိဘဲနဲ့သူတို့သွင်းလာတဲ့တင်ဒါပေါ်မှာမူတည်ပြီးအမှတ်ပေးရတာ။အဲလိုအနေအထားမှာဆက်ပြီးတင်ဒါပေးလိုက်လို့ကလည်းမဖြစ်ဘူး။မကုန်သင့်မကုန်ထိုက်တဲ့ငွေကြေးပမာဏတွေအများကြီးကုန်သွားမယ်”ဟုရှင်းပြသည်။
ဥပမာဟစ်တိုင်ကွင်းဆောက်လုပ်ရမည့်နေရာဆိုလျှင်ဟစ်တိုင်မှလွဲ၍တခြားမည်သည့်အဆောက်အဦးမျှမရှိသင့်သော်လည်းတခြားအဆောက်အဦများပါပါဝင်လာသဖြင့်တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်မကိုက်ညီသည်များကိုကိုက်ညီမှုရှိလာအောင်အများလက်ခံနိုင်သည့်ပုံစံမျိုးဖြစ်အောင်ပြန်လည်စီစဉ်နေခြင်းဖြစ်သည်ဟုဦးကြည်စိုးကပြောသည်။
သို့သော်အမည်မဖော်လိုသည့်တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားကမူတင်ဒါကိစ္စကိုပြန်လည်ရုတ်သိမ်းခြင်းမှာလွှတ်တော်ဥက္ကဌနှင့်ဒုတိယဥက္ကဌတို့သည်အမှန်အတိုင်းမဆောင်ရွက်ခဲ့သောကြောင့်ဖြစ်နိုင်ကြောင်း၊NLD အစိုးရတက်ပြီး၈လကျော်ကာလအထိလွှတ်တော်၏လုပ်ငန်းများကိုလည်းကျွမ်းကျင်ပိုင်နိုင်ခြင်းမရှိကြောင်းလည်းထောက်ပြသည်။
“လွှတ်တော်ရဲ့ဥပဒေတွေ၊နည်းဥပဒေတွေကိုပိုင်ပိုင်နိုင်နိုင်ရှိသင့်ပြီလို့ထင်တယ်။ဒါကြောင့်အစိုးရအဖွဲ့ကိုထိန်းကျောင်းရင်အခက်အခဲတွေရှိနိုင်တယ်။လေ့လာမှုအားအရမ်းနည်းတယ်။ကျနော်တို့ကိုလည်းပါတီကခေါ်စစ်တယ်။ကျနော်တို့လည်းတင်ဒါကိစ္စနဲ့ပတ်သက်လို့ပြောသင့်ပြောထိုက်တာတွေအကုန်ပြောခဲ့တယ်”ဟုသူကဧရာဝတီကိုရှင်းပြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကိစ္စမှာလည်း၎င်းစွမ်းဆောင်နိုင်ရည်အပေါ်မေးခွန်းထုတ်မှုများရှိနေပြီးပြည်ထောင်စုအစိုးရအဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်ရသည့်ကိစ္စများ၊မွန်ပြည်နယ်အတွင်းရှိအစိုးရမဟုတ်သည့်လူမှုရေးအသင်းအဖွဲ့များနှင့်ဆောင်ရွက်ရသည့်ကိစ္စများတွင်ပူးပေါင်းဆောင်ရွက်မှုအားနည်းသဖြင့်ယခုကဲ့သို့စုံစမ်းစစ်ဆေးခံရခြင်းဖြစ်နိုင်ကြောင်းမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အသိုင်းအဝိုင်းမှသိရသည်။
“မွန်ပြည်နယ်အစိုးရမှာဘယ်လိုအခက်အခဲတွေရှိနေလဲ။အဲဒါတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာလေ့လာသုံးသပ်နိုင်ဖို့ခေါ်တာဖြစ်ပါလိမ့်မယ်”ဟုဝန်ကြီးချုပ်မင်းမင်းဦးနှင့်မဲဆန္ဒနယ်တခုတည်းဖြစ်သူဘီးလင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်နိုင်ဦးကပြောသည်။
ဘီလင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ကိုကိုဦးကလည်းမွန်ပြည်နယ်ဝန်ကြီးချုပ်အပေါ်စွပ်စွဲမှုအမျိုးမျိုးရှိသော်လည်းမည်သူမျှအချက်အလက်နှင့်တိတိကျကျပြောဆိုနိုင်သူမတွေ့ကြောင်းဧရာဝတီသို့ပြောသည်။
NLD ပါတီတွင်တိုင်ကြားခံထားရသည့်လွှတ်တော်ကိုယ်စားလှယ်၄၀ကျော်ရှိရာ၎င်းတို့ထဲတွင်မွန်နှင့်တနသာင်္ရီတိုင်းကိစ္စတို့သည်အရေးကြီးသဖြင့်ယခုကဲ့သို့သီးသန့်စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းရခြင်းဖြစ်ကြောင်းNLD အသိုင်းအဝိုင်းမှသိရသည်။