မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၌ အမျိုးသမီးများ ပါဝင်မှုနှင့် ပတ် သက်၍ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများကြား ဆွေးနွေးပွဲတရပ်ကို ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ် တွင် ပြုလုပ်သည်။
“ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ၊ ပြောင်းလဲနိုင်စွမ်းရှိသော အမျိုးသမီးများ ညှိနှိုင်းဆွေးနွေးပွဲ”ကို ကျားမ တန်း တူ ညီမျှရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသော လူထုအခြေပြု အဖွဲ့များနှင့် လူမှုဝန်ထမ်း နှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးအဖွဲ့များ ၂၇၀ ကျော်တက်ရောက်ခဲ့သည်။
ထိုညှိနှိုင်းဆွေးနွေးပွဲတွင် အရပ်ဘက် အဖွဲ့များမှ အမျိုးသမီးခေါင်းဆောင်များနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီး မှ ပညာရှင်များက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်မှုအတွက် အားသာချက်နှင့် စိန်ခေါ်မှုများ၊ ပဋိ ပက္ခဖြစ်ပွားရာဒေသများတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအား ကြိုတင်ကာကွယ်ခြင်း၊ အကြမ်းဖက်မှု ကြုံတွေ့ခံစားရသည့် အမျိုးသမီးများအတွက် ကာကွယ်စောင့်ရှောက်ရေးနှင့် ပဋိပက္ခအလွန် ပြန်လည်ထူထောင် ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ စသည်တို့ကို ဆွေးနွေးပွဲများဖြင့် အသေးစိတ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယနေ့ညှိနှိုင်းဆွေးနွေးပွဲ၏ အကြံပြုချက်များမှာ အရေးကြီးပြီး ကောင်းမွန်သည့်အတွက် လာမည့် ဇန်နဝါရီလတွင် ပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီတွင် ပြန်တင်ပြရန် ဝန်ကြီး (ဒေါက်တာ ဝင်းမြတ် အေး ကလည်း မှာထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ (ခေတ္တ) ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ပြောသည်။
“မြန်မာကော်မတီ (MNCWA) မှာ အာဂျင်ဒါ တခုအနေနဲ့ ထည့်သွင်းပီးတော့ ဆွေးနွေးမယ်။ ကော်မတီမှာက အဖွဲ့အစည်းပေါင်းစုံပါတယ်။ ကျန်းမာရေးဌာန၊ ပညာရေးဌာန ဝန်ကြီးဌာနအစုံပါတယ်။ မြန်မာနိုင်ငံအမျိုးသမီး ရေးရာ အဖွဲ့ ပါတယ်။ GEN (ကျားမ တန်းတူရေးကွန်ယက်)၊ WON (အမျိုးသမီးအဖွဲ့များကွန်ယက်) ပါတယ်၊ CSOs နဲ့ NGOs တွေပါတယ်။ သူဘာလုပ်မလဲ ကိုယ်ဘာလုပ်မလဲ နဲ့ တခါတည်း ဆွေးနွေးပီး action ဖြစ်လာ မယ်။ ဒီပွဲက ထွက်လာတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့က ကိုယ့်ဖာသာအသီးသီးလည်း ဆောင်ရွက်လို့ရတယ်။ ဒါပေမယ့် တချို့ ဟာတွေက ပေါ်လစီ တွေ ပါလာတဲ့ဟာကို အဲဒါ ကို ဆောင်ရွက်ဖို့ အကောင်အထည်ဖော်ဖို့က (MNCWA) က လုပ်ရမယ်။ တကယ်တမ်းကျတော့ ပေါ်လစီ ပြောင်းလဲမှသာ ဒီ လုပ်ငန်းစဉ်တွေ အဆင်ပြေမယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ၎င်း၏အဖွင့် မိန့်ခွန်းတွင် မြန်မာနိုင်ငံလူဦးရေ ထက်ဝက်ကျော်ဖြစ်သော အမျိုးသမီးများသည် နိုင်ငံ့ အပြောင်းအလဲ၌ အဓိက အင်အားစုများအဖြစ် အသိအမှတ်ပြုရမည် ဖြစ်ကြောင်းနှင့် “ကျား/မ တန်းတူ ညီမျှရေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အတွက် လက်ငင်းလိုအပ်ချက်ဖြစ်ကြောင်းကိုလည်း အသိအမှတ်ပြုကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်း ရှင်း (CEDAW) ကို ၁၉၉၇ ခုနှစ်က လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် “အမျိုးသမီးနှင့် မိန်းကလေးငယ်များရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးဖို့ဟာ နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားတရပ်” ဖြစ်ပြီး ထိုဝတ္တရားကို ဆောင်ရွက်ရာမှာ အမျိုးသမီးတွေ နေ့စဉ်ကြုံတွေ့နေရသည့် ၎င်းတို့အပေါ် ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံမှုတွေကို တားဆီးရန် “ကျား/မ တန်းတူညီမ ျှရေး အထူးလုပ်ဆောင်ချက်အဖြစ်” စီစဉ်ဆောင်ရွက် ပေးရန်လိုုကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။
“အထူး လုပ်ဆောင်ချက်တွေထဲက တစ်ခု ဖြစ်တဲ့ နိုင်ငံတော်အဆင့် လုပ်ငန်း စီမံချက် ရေးဆွဲခြင်းဟာ နိုင်ငံတော် အတွက် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကတိကဝတ်များကို ဆောင်ရွက်ရာမှာ လွန်စွာ အထောက် အကူပြုတဲ့ ဆောင်ရွက်ချက် တရပ်ဖြစ်ပါတယ်။ အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတော်အဆင့် လုပ်ငန်းစီမံချက် ရေးဆွဲ ပြဌာန်းထားခြင်းဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းမှုရဲ့ အထောက်အထား တခု လည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောဆိုသည်။
အရပ်ဘက် လှုမှုအဖွဲ့အစည်းများကလည်း ပဋိပက္ခဒေသတွင်းမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကိစ္စရပ် တားဆီးရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြည့်ရေး နည်းနာများ၊ သုတေသန ပြုမှုများ ပိုမိုလိုအပ် ကြောင်းလည်း ပြောဆိုကြသည်။
ကျား/မ တန်းတူရေး ကွန်ယက်မှ မမေစပယ်ဖြူက စစ်မှန်တဲ့ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများ ပြည့်ဝစွာ ပါဝင်မှု အမှန်တကယ် ရရှိရေးအတွက် မူဝါဒဆိုင်ရာ စိန်ခေါ်ချက်များ ရှိနေခြင်းကြောင်း နှင့် မူဝါဒ သတ်မှတ်ချက်များ ပြန်လည် သုံးသပ်သင့်ကြောင်း တိုက်တွန်း ပြောဆိုသည်။
ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) မှ ဥက္ကဌ မိကွန်းချန်းနွမ်ကလည်း “အစိုးရ အနေနဲ့ ကျား/မ တန်းတူရေးကို မြှင့်တင်ဖို့ စိတ်ဆန္ဒရှိတယ်ဆိုတာ ထုတ်ဖော်ပြောသွားတယ်။ ဒီနေ့တွေ့ဆုံပွဲက အကြံပြုချက်တွေကို အစိုးရရဲ့ ဌာနဆိုင်ရာမှာ ဆက်ဆွေးနွေးအကောင်အထည်ဖော်ဖို့ ရှိမယ်လို့ကြားသိရတယ်။ ဆိုတော့ အမျိုးသမီးတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးကို ပိုအားပေးပီးတော့ ငြိမ်းချမ်းရေးကိစ္စ လုပ်နိုင် မယ် လို့ မျှော်လင့်တယ်။ အစိုးရက CSOs တွေရဲ့ ဆောင်ရွက်မှုကို အသိအမှတ်ပြုတယ်ဆိုတော့ ရှေ့ဆက် ဝိုင်းဝန်း လက်တွဲသွားနိုုင်ဖို့ မျှော်လင့်တယ်” ဟု ဆိုသည်။