ဧပြီလတွင် ကျင်းပရန် ရှိနေသော ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီဖြစ်ပြီး ယခင် အာဏာရပါတီဟောင်း ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အမည်စာရင်း တင်သွင်းထားသူ ၁၈ ဦးသာရှိသည်ဟု သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ဦး (စုစုပေါင်း ၉၅ ဦး) ကို အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သော ကိုယ်စားလှယ်လောင်းစာရင်းအရ သိရသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီ ၂ ခု (USDP နှင့် NLD) က ပြောဆိုခဲ့ကြပြီး ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
သို့သော်လည်း NLD ပါတီမှ ကယားပြည်နယ် တိုင်းဒေသကြီးလွှတ်တော်အတွက် ဖရူဆို မဲဆန္ဒနယ်(၁)မှ ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းက သတ်မှတ်သည့် ၁၀ရက် (ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၇ ရက်) အတွင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်တွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းရန် ပျက်ကွက်ခဲ့သည်ဟု အတွင်းရေးမှူး တဦးဖြစ်သည့် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကိုယ်စားလှယ်လောင်း “ဝီရိယ မရှိခဲ့လို့” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
NLD ကိုယ်စားလှယ်လောင်း မပါဝင်သောကြောင့် ထိုလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲဆန္ဒရှင်များသည် အမျိုးသားတိုးတက်ရေးပါတီ၊ USDP နှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့၏ ကိုယ်စားလှယ်လောင်းများထဲမှ ရွေးချယ်ရတော့မည် ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၉၅ ဦးထဲတွင် အမျိုးသမီး ၁၆ ဦးပါဝင် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆိုအရသိရသည်။ NLD ပါတီက အမျိုးသမီးကိုယ်စားလှယ်လောင်း ၂ ဦး အမည်စာရင်းတင်သွင်းခဲ့ပြီး ပဲခူးတိုင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တနေရာနှင့် ရှမ်းပြည်နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာ တနေရာ ဖြစ်သည်။ USDP ပါတီကမူ အမျိုးသမီးကိုယ် စားလှယ်လောင်းပါဝင်လာခြင်း မရှိပါ။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅ ဦးယှဉ်ပြိုင်မည် ဖြစ်သည့် အတွက် ပါတီအားလုံးထဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း တင်သွင်းမှု အများဆုံး ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လွှတ်တော်ကိုယ်စားလှယ် ၁၉ နေရာမှာ ဝန်ကြီးခန့်အပ်ခြင်းခံရသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပေးရသည့် နေရာများ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် သေဆုံးသွားသည့် နေရာ ၃ ခုလည်းပါဝင်သည်။
ရှမ်းပြည်နယ် အလယ်ပိုင်းမှ ကျေးသီး နှင့် မိုင်းရှူးမြို့နယ်များရှိ မဲဆန္ဒနယ် ၆ ခုကိုမူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပသည့် အချိန်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၁၅၀ ရှိသည့် အနက် NLD ပါတီက ၈၈၆ နေရာ အနိုင်ရရှိခဲ့သည်။ ဒုတိယအများဆုံး ဖြစ်သည့် USDP က ၁၁၇ နေရာအနိုင် ရခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP)က ၄၅ နေရာနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က နေရာ ၄၀ အနိုင်ရရှိခဲ့သည်။