ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ စစ်ရေးအရ အရေးပါသော စခန်းတခုဖြစ်သည့် လိုင်ဖောင်စခန်းကို ဝေဟင်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ရုရှားနိုင်ငံသား လေသူရဲအချို့ ပါဝင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် ကချင်အရေး လှုပ်ရှားသူများက စွပ်စွဲ ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသား ၃၀ ခန့်က ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ်က ထိုးစစ်များ ရပ်ပေးရေး တောင်းဆိုရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
ဆန္ဒပြ အဖွဲ့ခေါင်းဆောင် ကိုနော်ခမ်း က “တော်တော်လေးကို သေချာနေတယ်။ ဒါပေမယ့် ဦးရေ ဘယ်နှစ်ယောက်လဲ ဆိုတာ ကတော့ ကျနော်တို့ မပြောနိုင်ဘူး။ အတွင်းသတင်းအရ တိကျ ခိုင်မာတဲ့ အချက်အလက်တွေဖြစ်တယ်။ ရုရှားတွေ လေယာဉ်နဲ့ ပစ်ကူတဲ့ အပိုင်းတွေမှာ ပါနေတယ်ဆိုတာကို အတွင်းသတင်းအရ သိရှိရတာ” ဟု ဧရာဝတီသို့ ပြောသည်။
KIA အတွက် စစ်ရေးအရ အရေးပါသော လိုင်ဖောင် စခန်းကို တပ်မတော်က မြေပြင်ဝေဟင်မှ တဆင့် စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ပြီး တပ်မတော်က လိုင်ဖောင် စခန်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့သည်။ ရုရှားနိုင်ငံသားများသည် အဆိုပါ လိုင်ဖောင် စခန်းသိမ်း တိုက်ပွဲတွင် လေကြောင်းပစ်ကူ ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက စွပ်စွဲပြောဆိုနေကြခြင်း ဖြစ်သည်။
ထို့အတူ မြန်မာ့တပ်မတော်က KIA အားတိုက်ခိုက်မှုများတွင် ရုရှားအစိုးရအနေဖြင့် ၎င်းတို့နိုင်ငံသားများအား ပါဝင် ပတ်သက်မှု မရှိစေဘဲ ပါဝင်ပတ်သက်သူများကိုလည်း အရေးယူဆောင်ရွက်ပေးရန် ဆန္ဒပြ ကချင်အဖွဲ့များက ချင်းမိုင်မြို့ရှိ မြန်မာ ကောင်စစ် ဝန်ချုပ်ရုံးသို့ ပေးပို့သော ၎င်းတို့၏ တောင်းဆိုချက်ထဲတွင် ထည့်သွင်းထားသည်ကိုတွေ့ရသည်။
အဆိုပါစွပ်စွဲချက်များနှင့် ပတ်သက်ပြီး အတည်ပြုချက်ရရှိနိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး သို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။
မြန်မာ့တပ်မတော်တွင် တိုက်လေယာဉ်၊ ဗုံးကျဲလေယာဉ်နှင့် ကင်းထောက်လေယာဉ် မောင်းသည့် ကျွမ်းကျင် လေသူရဲများ အလုံအလောက်ရှိကြောင်း၊ ကချင်တိုက်ပွဲတွင် ရုရှားလေသူရဲများ ပါဝင်သည်ဟူသော အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေး က “ကျနော်တို့နိုင်ငံကို ရုရှားက လေသူရဲတွေ လာပြီး မောင်းစရာလည်း အကြောင်းမရှိဘူး။ တိုက်လေယာဉ်၊ ဗုံးကျဲလေယာဉ်၊ ကင်းထောက်လေယာဉ် မောင်းတဲ့ ကျွမ်းကျင်လေသူရဲတွေ အလုံအလောက်ရှိတယ်။ ရုရှားခေါ်မောင်း လောက်အောင် မလိုဘူးဗျ။ ဒီစွပ်စွဲချက်က မဖြစ်နိုင်ဘူး။ လုံးဝ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ့ တပ်မတော်က ဒီဇင်ဘာ လထဲတွင် KIA ၏ စစ်ရေးအရ အရေးပါသော တောင်ကုန်းနှစ်ခုကို မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုတောင်ကုန်း နှစ်ခု အနက် လိုင်ဖောင် စခန်းကို ဒီဇင်ဘာ ၂၇ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ဂီးဒွန် စခန်းကိုတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စခန်း ၂ ခု အသိမ်းမခံရမီ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က KIA အပါ အဝင် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ စုဖွဲ့ထားသော မြန်မာပြည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (Northern Alliance – Burma) က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ဆန္ဒပြသူများက ဂီးဒွန်နှင့် လိုင်ဖောင် စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ခဲ့ကြပြီး မြန်မာ့တပ်မတော်၏ စခန်းသိမ်းတိုက်ပွဲများရပ်တန့်ပေးရန်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တပ်မတော်၏ လူ့အခွင့် အရေးချိုးဖောက်မှုများရပ်တန့်ပေးရန်တို့ကို တောင်းဆိုကြသည်။
ထို့အပြင် မုံးကိုးဒေသခံ ကချင်အသင်းအုပ်ဆရာ တပါးနှင့် သင်းထောက် တပါးတို့ ပျောက်ဆုံးနေမှုကို မြန်မာအစိုးရက စုံစမ်း ဖော်ထုတ်ပေးရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့ထားသော ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။
တရုတ်နိုင်ငံအနေဖြင့်လည်း တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်သို့ သွားရောက်ခိုလှုံနေကြသည့် ဇိုင်းအောင် ဒုက္ခသည် စခန်းမှ ကချင်ဒုက္ခသည်များကိုလည်း ပြန်လည်မောင်းထုတ်ခြင်းမပြုဘဲ လူသားချင်းစာနာထောက်ထားသောအားဖြင့် လက်ခံထားပေးရန်နှင့် လိုအပ်သော စားဝတ်နေရေးများကို ကူညီထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြသည်။