မလေးရှား အာဏာပိုင်များသည် တိုက်ခိုက်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ သွားရောက်မည့် အစ္စလမ်မစ် နိုင်ငံတော် အဖွဲ့ (IS) ၏ နောက်လိုက်တဦး ဖြစ်သည်ဟု သံသယရှိသူ တဦးကို ဖမ်းဆီးလိုက်သည် ဟု မလေးရှား အကြမ်းက်မှု တိုက်ဖျက်ရေး ထိပ်တန်းအရာရှိတဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။
ရိုဟင်ဂျာ ဟု ခေါ်ဆိုနေကြသော ရခိုင်မြောက်ပိုင်းရှိ မွတ်စလင်များကို ထောက်ခံသော အရှေ့တောင်အာရှ ကွန်ရက်မှ စုစည်းထားသည့် IS ထောက်ခံသူများ၏ ကြီးမားသော တိုက်ခိုက်မှု အန္တရာယ်ကို မြန်မာနိုင်ငံ ရင်ဆိုင်နေရသည် ဟု မလေးရှား ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဌာန အကြီးအကဲ Ayob Khan Mydin Pitchay က ထည့်သွင်းပြောကြားသည်။
အကြမ်းဖက် တိုက်ဖျက်ရေး အကြီးအကဲက အမည်ထုတ်ဖော်ပြောကြားခြင်း မရှိသော ထိုသံသယရှိသူ အင်ဒိုနီးရှား နိုင်ငံသားကို လွန်ခဲ့သောလက မလေးရှားတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဗုဒ္ဓဟူးနေ့တွင် အကြမ်းဖက် အုပ်စုများနှင့် ပတ်သက်သည့် ပစ္စည်းများ ပိုင်ဆိုင်မှုဖြင့် တရားစွဲဆိုရန် စီစဉ်ထားပြီး ထိုစွဲချက်မှာ ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ်အထိ ခံရနိုင်သည်ဟု Ayob Khan က ပြောသည်။
အခြားသော စစ်သွေးကြွများသည် ရိဟင်ဂျာအရေး ထောက်ခံသောအားဖြင့် သူ့နည်းတူ လုပ်ဆောင်လာကြမည် ဟု လည်း Ayob Khan က ပြောသည်။
မြန်မာ လုံခြုံရေး တပ်ဖွဲများသည် အောက်တိုဘာလ ၉ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးစေသော တိုက်ခိုက်မှုကို တုံ့ပြန်သော စစ်ဆင်ရေးများ အတွင်း အကျဉ်းနည်းဖြင့် စီရင်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်းများ ကျူးလွန်သည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုသည်။
ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ တိုက်ခိုက်မှုနှင့် ပတ်သက်သော တရားဝင် အစီရင်ခံစာ တစောင်ကမူ ထို တိုက်ခိုက်မှုသည် IS အဖွဲ့နှင့် ပတ်သက်သည့် သို့မဟုတ် ထိုအဖွဲ့ ရောက်ရှိနေသည့် အထောက်အထား မတွေ့ကြောင်း ဆိုသည်။
သို့သော် ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် အရှေ့အလယ်ပိုင်းမှ IS အဖွဲ့နှင့် အချိတ်အဆက် ရှိသော ဖိလစ်ပိုင်မှ အင်ဒိုနီးရှားနှင့် မလေးရှားအထိ ကျယ်ပြန့်သော လျှို့ဝှက်ကွန်ရက်မှ အစ္စလမ်မစ်များကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လာနေသည်ဟု ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေး သုတေသီများနှင့် အရာရှိများက ပြောသည်။
အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှ များပြားလှစွာသော အရှေ့တောင်အာရ ှမွတ်စလင်များသည် IS အဖွဲ့နှင့် ပူးပေါင်းရန် အရှေ့အလယ်ပိုင်းသို့ သွားရောက်နေကြသည်ဟု ဒေသတွင်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိများက ပြောသည်။
လွန်ခဲ့သောနှစ်က အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်မှ တိုက်ခိုက်မှု အများအပြား သို့မဟုတ် ဖော်ထုတ် အရေးယူ ခဲ့သော တိုက်ခိုက်ရန် ကြံစည်မှုများသည် IS အဖွဲ့က ၎င်းတို့လက်ချက်ဟု ကြေညာခဲ့ပြီး ခြေမှုန်းခံရပြီး သေဆုံးသူများ သည်လည်း ၎င်းတို့အဖွဲ့ဝင် ဖြစ်သည်ဟု ကြေညာသည်။
“သူတို့ရဲ့ ရိုဟင်ဂျာညီအကိုတွေကို ကူညီဖို့ IS အဖွဲ့ ဒါမှမဟုတ် တခြားအဖွဲ့ တဖွဲ့က မွတ်စလင်တွေဟာ မြန်မာနိုင်ငံကို သွားဖို့ နည်းလမ်းရှာဖွေနိုင်ခြေ အရမ်းမြင့်မားပါတယ်” ဟုလည်း Ayob Khan က ပြောသည်။
ထိုသံသယရှိသူ အင်ဒိုနီးရှား လူမျိုးမှာ IS အဖွဲ့နှင့် အချိတ်အဆက်ရှိသည်ဟု ယူဆရသူ ၇ ဦးအနက် တဦးဖြစ်ပြီး ၎င်းသည် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းရှိ ပိုဆိုဒေသသို့ လက်နက်မှောင်ခိုသွင်းမှုတွင်လည်း ပါဝင်ပတ်သက် နေသည် ဟု Ayob Khan က ပြောသည်။
အင်ဒိုနီးရှား အာဏာပိုင်များသည် ပိုဆိုသို့ ရောက်ရှိရန် ကြိုးစားခဲ့ကြသော အခြားနိုင်ငံခြားသား သံသယရှိသူ အများအပြားကိုလည်း ထိန်းသိမ်းထားသည်။
၂၀၁၄ ခုနှစ်မှ စ၍ မလေးရှားရှိ စက်ရုံတရုံတွင် လုပ်ကိုင်နေသော ထိုအင်ဒိုနီးရှား နိုင်ငံသားသံသယရှိသူသည် မြန်မာနိုင်ငံမှ မည်သည့်အဖွဲ့နှင့် ဆက်စပ်နေသည်ကိုမူ Ayob Khan က ပြောကြားခြင်း မရှိပေ။ ထိုသူသည် လွန်ခဲ့သောနှစ် ဇွန်လက ဘားတခုကို လက်ပစ်ဗုန်းဖြင့် တိုက်ခိုက်မှု အတွက် IS ကိုယ်စား ၎င်း၏ လက်ချက်ဖြစ် ကြောင်း ကြေညာခဲ့သူ ဆီးရီးယားအခြေစိုက် မလေးရှားစစ်သွေးကြွ Muhammad Wanndy Muhammad Jedi နှင့် အဆက်အသွယ်ရှိသည်ဟု ဆက်ပြောသည်။
နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) ၏ လွန်ခဲ့သော လက အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရဲကင်းများကို အချိန်ကိုက် တိုက်ခိုက်မှုကို Harakah al-Yakin အဖွဲက ပြုလုပ်သည်ဟု ဖော်ပြထားသည်။ ထိုအုပ်စုသည် ဆော်ဒီအာရေးဗီးယားနှင့် ပါကစ္စတန်တို့နှင့် အချိတ်အဆက် ရှိသော်လည်း နိုင်ငံတကာ အဆက်အသွယ်နှင့် ပတ်သက်ပြီး အလွန်အကျွံဖွင့်ဆိုလျှင် မှားလိမ့်မည်ဟု ICG က သတိပေးထားသည်။
“မည်သို့ပင် ဆိုစေကာမူ အကြမ်းဖက် တိုက်ခိုက်မှုများ ရှည်ကြာလာလေလေ ထိုကဲ့သို့သော နိုင်ငံတကာ အချိတ်အဆက်များ နက်ရှိုင်းလာမည့် အန္တရာယ်က ကြီးမားလာကာ လုပ်ငန်း စတင် သက်ဝင်လာမည့် အလားအလာ ရှိလေလေ ဖြစ်သည်” ဟု ထိုအစီအရင်ခံစာက ဆိုသည်။
ရိုဟင်ဂျာ ၅ သောင်း ၅ ထောင်ကျော်မှာ မလေးရှားရှိ ကုလသမဂ္ဂတွင် မှတ်ပုံတင်ထားသည်။ အခြား အဖွဲ့အစည်းများကမူ မလေးရှားတွင် ရိုဟင်ဂျာ ၂ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြပြီး အများအပြားမှာ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်။
များပြားလှသော ရိုဟင်ဂျာရွှေ့ပြောင်း နေထိုင်သူများသည် စစ်သွေးကြွများ အတွက် လူသစ်စုဆောင်းရာ နေရာကြီး ဖြစ်နေသည်ဟု လေ့လာသူများက ပြောသည်။
“မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ရိုဟင်ဂျာတွေရဲ့ ကွန်ရက်က ရှိနေတယ်” ဟု မလေးရှား စစ်သွေးကြွ တိုက်ဖျက်ရေး အုပ်စု Iman Research ၏ အစီအစဉ် အမှုဆောင်ဒါရိုက်တာ Badrul Hisham Ismail က ပြောသည်။
သူ၏ အုပ်စုသည် ရိုဟင်ဂျာများကို လူသစ် စုဆောင်းပြီး ပိုဆိုသို့ လေ့ကျင့်ရန် ပို့ပေးသော မလေးရှား စစ်သွေးကြွများ ကို တွေရှိခဲ့သည်ဟု Badrul Hisham Ismail က ပြောသည်။
ဒေသတွင်းရှိ IS အဖွဲ့မှ လှုပ်ရှားသူများသည် မြန်မာပြည်တွင်းနှင့် ပြည်ပမှ မြန်မာပစ်မှတ်များကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည် ဟု စင်္ကာပူအခြေစိုက် နိုင်ငံတကာ လေ့လာရေးကျောင်း Rajaratnam School of International Studies မှ လုံခြုံရေးကျွမ်းကျင်သူ Rohan Gunaratna ကလည်း ပြောသည်။
နိုဝင်ဘာလက အင်ဒိုနီးရှား အာဏာပိုင်များသည် အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို တိုက်ခိုက်မည့် IS အဖွဲ့နှင့် အချိတ်အဆက်ရှိသော စစ်သွေးကြွတဦးကို ဖမ်းဆီးခဲ့သည်။
“မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက IS ကွန်ရက်တွေကနေ လာတာ” ဟုလည်း သူက ပြောသည်။