မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆာတန်းအရပ်၌ မြန်မာနိုင်ငံသား ၁၃ ဦး အား လူတစုက ဓားများဖြင့် အကြမ်းဖက် တိုက်ခိုက်၍ မြန်မာ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦးကို ဆာတန်းဆေးရုံကြီး၌ အတွင်းလူနာ အဖြစ် တင်ထားရကြောင်း ကပုန်း ၇ ရက်သားသမီး နာရေးကညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။
ဦးဆန်းဝင်းက “အလုပ်က လမ်းလျှောက်ပြီး ပြန်လာတဲ့အချိန်မှာ လမ်းကြားတခုထဲမှာ အကြမ်းဖက် တိုက်ခိုက်ခံရတာပါ၊ ဘယ်သူတွေက တိုက်တယ်ဆိုတာတော့ စုံစမ်းဆဲပဲ ရှိပါသေးတယ်” ဟု ဆိုသည်။
အကြမ်းဖက် တိုက်ခံရသည့် မြန်မာနိုင်ငံသားများသည် မြန်မာအလုပ်သမား အများအပြား နေထိုင်ကြသည့် ဆာတန်းအရပ်ရှိ တီဗီဆက်စပ် ပစ္စည်းများထုတ်လုပ်သည့် စက်ရုံတခုတွင် အလုပ် လုပ်ကိုင်နေကြသူများဖြစ်ကာ အများစုမှာ လူငယ်များ ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်တွင် အလုပ်မှ အပြန် လမ်းကြားတခု အရောက်တွင် လူအုပ်စု တစုက လမ်းထိပ် ၂ ဘက်ကို ပိတ်ဆို့၍ ဓားများဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ထားရသူ ၃ ဦး၏ အခြေအနေမှာ ပြင်းထန်သည့် ဓားခုတ်ဒဏ်ရာများ ဖြစ်၍ အခြေအနေ စိုးရိမ်ရကြောင်း၊ သေဆုံးသွားသည့် မြန်မာနိုင်ငံသား ၄ ဦးမှာ မည်သူမည်ဝါ၊ မည်သည့်ဒေသမှ ဖြစ်သည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ရုပ်အလောင်းများကို ဆာတန်းဆေးရုံကြီးတွင် ထားရှိထားကြောင်း ဦးဆန်းဝင်း က ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ သံရုံးတာဝန်ရှိသူများ သည် ဆေးရုံသို့ သွားရောက်၍ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ စုံစမ်းဆဲ ဖြစ်ရာ အသေးစိတ်မသိရသေးဟု ဆိုသည်။
ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ မြန်မာလူမှုအဖွဲ့အစည်းများ၊ သံရုံးတာဝန်ရှိသူများက မလေးရှား အာဏာပိုင်များ နှင့်ပူးပေါင်း၍ အမှုမှန် ပေါ်ပေါက်ရေးကို ပူးပေါင်းဆာင်ရွက်နေကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများသည် မကြာခဏ သတ်ဖြတ်ခံနေရခြင်း၊ အကြမ်းဖက်ခံရခြင်းများ ရှိသော်လည်း တရားခံ အစစ်အမှန်အား ဖော်ထုတ်နိုင်မှု အားနည်းကြောင်း မလေးရောက် မြန်မာများက ပြောဆိုနေကြသည်။