မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အငြင်းပွားဖွယ်ရာ ရခိုင်ပြည်နယ်သို့ ပို့မည်ဟု ဆိုသော ရိက္ခာ သင်္ဘောအား ဟန့်တားရန် မလေးရှားနိုင်ငံသံရုံးသို့ မေတ္တာရပ်ခံ နေသော်လည်း မလေးရှားနိုင်ငံမှ အဖွဲ့အစည်းတခုက ထိုအစီအစဉ်ကို ယခုလနှောင်းပိုင်းတွင် ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေသည်ဟု အတည်ပြုပြောဆိုသည်။
”’ဒီအစီအစဉ်ကို ဖျက်သိမ်းစရာ ဘာအကြောင်း၊ ဘာပြဿနာမှ မရှိဘူး” ဟု မလေးရှား အစ္စလမ်မစ် အသင်းအဖွဲ့များ အတိုင်ပင်ခံကောင်စီ Malaysia Consultative Council of Islamic Organizations (MAPIM) ၏ပြောခွင့်ရသူ Wan Nordin က ဧရာဝတီသတင်းဌာနသို့ပြောသည်။ ၎င်းတို့အုပ်စုသည် မလေးရှား အာဏာပိုင်များနှင့် ဆက်သွယ်ထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးဟုလည်း သူကပြောသည်။
ထိုရိက္ခာသင်္ဘောသည် မလေးရှားမှ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထွက်ခွာရန် စီစဉ်ထားသည်။ စနေနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားသံရုံးသို့ဆက်သွယ်ကာ ထိုသင်္ဘောခရီးစဉ်ကို တားဆီးပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း အတည်ပြုပြောကြားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွက် အစားအစာနှင့်ဆေးဝါးထောက်ပံ့ရန် MAPIM ၏ သင်္ဘောလာမည့်သတင်းသည် အစိုးရကို စိတ်အနှောက်အယှက် ဖြစ်နေစေသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အကူအညီပေးရေး အဆိုပြုချက်များကို စနစ်တကျ သံတမန်နည်းလမ်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ပေးပို့သင့်သည်ဟု ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အစိုးရသည်သာ ထိုအကူအညီများကို ပေးဝေရန် တာဝန်ရှိသည်ဟုလည်း ထိုကြေညာချက်ကပြောသည်။
ထိုဝန်ကြီးဌာနက ငွေကြေးနှင့် အထွေထွေ အကူအညီများသည် လူမှုအသိုင်းအဝိုင်းနှစ်ခုစလုံးကို ခွဲခြားခြင်းမရှိဘဲ ရည်ရွယ်သင့်သည်ဟု ထိုဝန်ကြီးဌာနက ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်အသိုင်းအဝိုင်းတို့ကို ရည်ညွှန်းပြောသည်။
အသိုင်းအဝန်းနှစ်ခုလုံးသို့ ပေးကမ်းခြင်းမှာ ထိုမလေးရှားအဖွဲ့အစည်း၏ အစဉ်အလာဖြစ်ပြီး ၂၀၁၅ ခုနှစ်ကလည်း ရန်ကုန်နှင့် စစ်တွေရှိ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများသို့ ထိုအဖွဲ့အကူအညီများပေးခဲ့ဖူးသည်ဟု Wan Nordin ကပြောသည်။
ယခင်ကလည်း ဒုက္ခသည်စခန်းများ၊ ဆင်းရဲသောအသိုင်းအဝိုင်းများကို ကူညီရန် ဒေသခံ အစိုးရမဟုတ်သောအဖွဲ့များ၊ အာဏာပိုင်များနှင့် ပူးပေါ်ဆောင်ရွက်မှုများ လုပ်ခဲ့သည်ဟုလည်းဆိုသည်။
အစိုးရ၏ ခွင့်ပြုချက်မရဘဲ ဝင်လာပါက မြန်မာရေတပ်သည် ထိုသင်္ဘောကို မလေးရှားသို့ ပြန်လှည်သွားရန် သတိပေးမည် သို့မဟုတ် ပြန်လှည့်သွားအောင် လုပ်ရလိမ့်မည်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ဧရာဝတီသတင်းဌာနသို့ ပြောခဲ့သည်။