ဆင်ခြေထောက် ရောဂါ ကာကွယ်ဆေး တိုက်ကျွေးရန် လိုအပ်နေသည့် မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၃၀ ကို အစိုးရက ကျပ် သန်းပေါင်း ၁၉၃ သန်းခန့် အကုန်ချခံ၍ ယခုလ ၂၀ ရက်နေ့မှ စတင်၍ တိုက်ကျွေးရန် စီစဉ်နေကြောင်း သိရသည်။
သို့သော် လက်ရှိအခြေအနေတွင် မြို့ပေါင်း ၁၉၃ မြို့တွင်သာ တိုက်ကျွေးနိုင်ဦးမည် ဖြစ်သည်ဟုလည်း ဆိုသည်။
ဆင်ခြေထောက် ရောဂါသည် လူကို မသေစေနိုင်သော်လည်း ယင်းရောဂါ ဖြစ်ပွားပါက လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များ တွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဆေးသောက်သုံးရန် သင့်လျော်သူတိုင်း ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး သောက်ကြရန် လိုအပ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဇော်လင်းက မီဒီယာများသို့ ပြောသည်။
ဇန်နဝါရီ ၁၂ရက်နေ့ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည့် ၂၀၁၆ ခုနှစ် ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး လူ အားလုံး ဆေးတိုက်ကျွေးခြင်း လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အခမ်းအနားတွင် ဒေါက်တာ ဇော်လင်းက အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“ဒီရောဂါက မသေဘူး။ ဒါပေမယ့် ဘာဖြစ်လဲဆိုတော့ တသက်လုံး ခြေထောက်ကြီး ကြီးပြီး ဒုက္ခရောက်။ လက်ကြီးပြီး ဒုက္ခရောက်၊ ရင်သားကြီးပြီး ဒုက္ခရောက်ကြရတယ်။ ကျနော်တို့ဆီမှာ ဒီရောဂါပိုးက ရှိနေတယ်။ အဲဒါကြောင့် ဆေးသောက် ဖို့ လိုတယ်။ သောက်ရင် ထိရောက်တယ်”ဟု ဒေါက်တာ ဇော်လင်းက ပြောသည်။
၂၀၀၁ ခုနှစ်မှ စတင်ကာ ဆင်ခြေထောက် ရောဂါပိုးကို တိုက်ဖျက်ခဲ့သော်လည်း လူထုက ဆေးသောက်ရာတွင် ပူးပေါင်း ပါဝင်မှု အားနည်းခြင်းနှင့် လိုအပ်သည့် အထောက်အပံ့များ ရရှိမှု နည်းပါးခြင်းတို့ကြောင့် ယနေ့အချိန်အထိ မအောင်မြင် ရခြင်း ဖြစ်ပြီး ယခုအခါ ထိရောက်သော လုပ်ငန်းလမ်းစဉ်များနှင့် အောင်မြင်ရန် ဆောင်ရွက်၍ ၂၀၂၀ တွင် မြန်မာနိုင်ငံကို ဆင်ခြေထောက် ရောဂါ ကင်းစင်သည့် တိုင်းပြည်အဖြစ်သို့ ရောက်ရှိရန် ကြိုးစားသွားမည်ဟုလည်း ဆိုသည်။
“၂၀ ရက်နေ့ ကနေ ၂၁၊ ၂၂ နောက်ဆုံး ၂၉ ရက်အထိ အိမ်တိုင်ရာရောက် လာတိုက်တဲ့အချိန်မှာ သောက်ဖို့ လိုတယ်။ မဟုတ်ရင် အသက်မသေနိုင်ပေမယ့် လူမှုရေး၊ စီးပွားရေးအရ ဆုံးရှုံးမှုတွေ ရှိလိမ့်မယ်။ ညွှန်ကြားတဲ့အတိုင်း သေချာ ထိထိ ရောက်ရောက် သောက်ပါ။ မရလို့ရှိရင် နီးစပ်ရာ ကျေးလက် ကျန်းမာရေးဌာနဆီမှာ အဲဒီရက်တွေအတွင်း တောင်းယူ ပြီးတော့ သောက်ပါ”ဟု ဒေါက်တာ ဇော်လင်းက ပြောသည်။
သို့သော် အသက် ၂ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ရောဂါတခုကို ပြင်းပြင်းထန်ထန် ခံစားနေရ သူများနှင့် အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲနေသူများ အနေဖြင့်မူ ဆေးလုံးဝ မသောက်သင့်ကြောင်း၊ ဆေးသောက်သုံး သူများသည်လည်း ဆေးသောက်ပြီးပါက လှုပ်ရှားမှုများလျှင် မူးခြင်း၊ အန်ခြင်းများ ဖြစ်တတ်သော်လည်း စိုးရိမ်ရန် မလို ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ဆင်ခြေထောက် ရောဂါ ဖြစ်ပွားနေသူ ဦးရေကို အတိအကျ မပြောဆိုနိုင်သေးဘဲ ဆင်ခြေထောက်ရောဂါ ကင်းစင်နယ်မြေအဖြစ် ကလေး၊ တမူး၊ ကသာ၊ ပြင်ဦးလွင်နှင့် မင်းဘူးဒေသတို့ကို ကြေညာနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်း ဒေသများတွင်မူ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးတော့မည် မဟုတ်ကြောင်း သိရသည်။
ဆင်ခြေထောက် ရောဂါကာကွယ်ဆေးကို အာရုံစိုက်၍ တိုက်ကျွေးရမည့် ဒေသများသည် နေပြည်တော်၊ မကွေး၊ အောင်လံ၊ ပခုက္ကူ၊ မိထ္ထီလာ၊ မြင်းခြံ၊ ကျောက်ဆည်နှင့် ညောင်ဦးမြို့နယ်တို့ ဖြစ်ပြီး ခရိုင်ပေါင်း ၃၆ ခုတွင် ဆေးများ တိုက်ကျွေးတော့မည်ဟု ဆိုသည်။
“မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အများဆုံး ဖြစ်နေတယ်။ ကျန်တဲ့နေရာတွေမှာလည်း ဖြစ်နေတယ်။ မကွေးဆို ပခုက္ကူခရိုင်မှာ အများဆုံး ဖြစ်နေတယ်။ ရခိုင်မှာ တည်ငြိမ်မှုရှိရင် သံတွဲခရိုင်မှာ သွားပြီး လိုအပ်တဲ့ စမ်းသပ်ချက်တွေ လုပ်မယ်။ ကချင် ပြည်နယ်ကိုလည်း သွားလုပ်နေတယ်။ ၂၀၂၀ မှာ အကုန်ရှင်းရမယ်”ဟု ဒေါက်တာ ဇော်လင်းက ပြောသည်။
၎င်းကဆက်၍ “ဆေးသောက်ရင် ထိရောက်တယ်။ သံကောင်မွှားလေးတွေကို သိသိသာသာ လျှော့ချပေးလိုက်တယ်။ WHO ကတော့ သူနိုင်တဲ့ဘက်က ကူညီတာပေါ့။ အဓိက ဘတ်ဂျက်က အစိုးရကပဲ ပေးတာ။ ကျပ် ၁၉၂ ဒသမ ၅ သန်း။ ဆေးကတော့ အလှူရှင် ၂ ဦး ရှိပါတယ်။ GSK ကုမ္ပဏီနဲ့ နောက်တခုက ဂျပန်နိုင်ငံက ကုမ္ပဏီတခုက WHO ကနေ လှူ တာပါ”ဟုလည်း ပြောဆိုသည်။
ဆင်ခြေထောက်ရောဂါသည် သွေးကြောထဲတွင်နေသော သန်ကောင်ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ခြင်ကိုက်ခြင်းကြောင့် ကူးစက်နိုင်ကြောင်း၊ ဆင်ခြေထောက်ရောဂါပိုး သယ်ဆောင်သော ခြင် Cx. Quinquefasciatus ကြောင့် ဖြစ်ပြီး ရေပုပ် ရေသိုးများ၊ ရေမြောင်းများ၊ ရေဆိုး ကျင်းများ၊ မလုံခြုံသော အိမ်သာကျင်းများ မလုံခြုံသော မြေအောက်မြောင်းများတွင် ပေါက်ပွားလေ့ရှိကြောင်း သိရသည်။
ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးသည့် နိုင်ငံပေါင်း ၆၀ အနက် သီရိလကာၤ၊ ကမ္ဘောဒီးယား၊ ဗီနားတူးနှင့် မော်လဒိုက်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ဆင်ခြေထောက် ရောဂါ ကင်းဝေး တော့မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ တွင် ဆင်ခြေထောက် ရောဂါ ကင်းဝေးစေရန် အုပ်ချုပ်သူများ၊ လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဆေးခန်း ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အားလုံး ပြည်သူများကို ဆေးတိုက်ကျွေးရာတွင် ပါဝင်ရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းလျက်ရှိသည်။