ပြည်မြို့၌ ယနေ့ပြုလုပ်မည့် အစ္စလာမ်ဘာသာဝင်တို့၏ “၁၉၄၁ ကြိမ်မြောက် တမန်တော်နေ့”အား ရန်ကုန်အခြေစိုက် မျိုးချစ်ပရဟိတအဖွဲ့မှ လာရောက် ကန့်ကွက်သည့်အတွက် ပွဲဖျက်သိမ်းလိုက်ရသည်။
ယမန့်နေ့ နေ့လည်ပိုင်းက ပွဲဖျက်သိမ်းရန် အကြောင်းကြားလာ၍ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် အုပ်ချုပ်ရေး မှူး၊ မြို့နယ်ရဲမှူး၊ တိုင်းသာသနာရေးဦးစီးမှူး၊ ဘာသာရေးအဓိကရုဏ်းကွန်ရက်(ပြည်ခရိုင်) နှင့် တမန်တော်နေ့ ကျင်းပရေး ကော်မတီအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးရာ မိနစ် ၃၀ခန့် ပွဲကျင်းပခွင့်ပေးခဲ့သော်လည်း မျိုးချစ်ပရဟိတအဖွဲ့မှ လုံးဝဖျက် သိမ်းရန်တောင်းဆိုခဲ့သည့်အတွက် ဖျက်သိမ်းလိုက်ရကြောင်း ဘာသာရေးအဓိကရုဏ်း ကွန်ရက်အဖွဲ့ ဝင်(ပြည်ခရိုင်) ကိုသန်းထိုက်က ဧရာဝတီကိုပြောသည်။
“ မနေ့က နေ့လည် ၂ နာရီကနေ ညနေ ၄ နာရီအထိ အစည်းအဝေးမှာ နာရီဝက်နဲ့အပြီးပွဲလုပ်ပါလို့ ညှိတာ မွတ်ဆလင် တွေဘက်က အဆင်ပြေလက်ခံတယ်။ အဲဒါကို မျိုးချစ်ပရဟိတအဖွဲ့က လုံးဝဖျက်သိမ်းရမယ်ပြောတော့ ညပိုင်းမှာ ဇောတိကရုံဘုန်းကြီးကျောင်းမှာထပ်ညှိတာ ဘယ်လိုမှအဆင်မပြေဘူး။ ကန့်ကွက်ချင်ရင် အစောကြီးကတည်းက ကန့်ကွက်သင့်တယ်။ ပွဲလုပ်ခါနီးမှကပ်ပြီးပွဲဖျက်တာတော့ မလုပ်သင့်ဘူး။ အခုအားလုံးဖိတ်ထားတဲ့လူတွေလာနေတာ ပြန်လွှတ်နေရတယ်” ဟု ကိုသန်းထိုက်ကဆက်ပြောသည်။
ပြည်မြို့တွင် တမန်တော်နေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်အကြိမ်တိုင်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပွဲကျင်းပပြုလုပ်ခဲ့သော် လည်း ယခုနှစ်ပြုလုပ်မှသာ ပွဲဖျက်သိမ်းပေးရခြင်းဖြစ်ကြောင်းနှင့် အစ္စလမ်ဘာသာဝင်များအနေနှင့် အကြမ်းဖက်သည့် ဘာသာမဟုတ်ကြောင်း သက်သေပြသည့်အနေနှင့် အေးချမ်းစွာ ပွဲဖျက်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း တမန်တော်နေ့ အခမ်းအနားပြင်ဆင်သူ ကိုကျော်နိုင်ကဆိုသည်။
“ နှစ်စဉ်နှစ်တိုင်း အေးအေးချမ်းချမ်းကျင်းပပြုလုပ်တဲ့ အလှူအတန်းပွဲတခုဖြစ်တယ်။ အဲဒါကို လူအုပ်စုတစုက ကန့်ကွက် လာတဲ့အပေါ်မှာ ကျနော်တို့ အစ္စလာမ်ဘာသာဟာ ငြိမ်းချမ်းတဲ့ဘာသာဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရော ကမ္ဘာသူကမ္ဘာသားတွေရောသိစေချင်လို့ ရပ်လိုက်တာဖြစ်ပါတယ်။ ပထမအနေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ခွင့်ပြုမိန့် ကျလာလို့ ဒါကိုလုပ်ရတာပါ။ အခုတော့ ကျနော်တို့ ချက်ပြုတ်ထားတာတွေတောင် လှူခွင့်မရတော့ပါဘူး” ဟု ကိုကျော်နိုင် က ဆက်ပြောသည်။
တမန်တော်နေ့ကျင်းပရာ ပြည်မြို့ ရွာဘဲနယ်မြေ စည်တော်မင်္ဂလာရပ်ကွက်ရှိ ဗလီရှေ့တွင် ဗုဒ္ဓဘာသာသာသနာ့အလံ ထောင်၍ သံဃာတော်များတင်ဆောင်ထားသည့် Light Truck ကားအပါအဝင် ကား ၈ စီးခန့်ရပ်ထားရာ၊ အဆိုပါအဖွဲ့ အား မည်သည့်အဖွဲ့ဖြစ်ကြောင်းနှင့် ကန့်ကွက်ရခြင်းအကြောင်းကို ဧရာဝတီမှ သွားရောက်မေးမြန်းရာ မဖြေကြား နိုင်ကြောင်း ပြောကြားခဲ့သည်။
စည်တော်မင်္ဂလာရပ်ကွက်ရှိ ဗလီအနီးတွင် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် လုံခြုံရေးယူထားပြီး ဗလီအတွင်း မဏ္ဍပ်များဖျက်သိမ်းနေ ကြောင်းတွေ့ရသည်။