မြန်မာနိုင်ငံ၏ အင်အား အကြီးမားဆုံး ၀ လူမျိုးစု လက်နက်ကိုင် အုပ်စုသည် ၂၅ နှစ်အတွင်း အကြီးမားဆုံး ခေါင်းဆောင်မှု အပြောင်းအလဲ အတွက် ပြင်ဆင်နေသည် ဟု သတင်းရင်းမြစ်များက ရိုက်တာ သတင်းဌာနကို ပြောပြီး အုပ်စုတွင်း မတည်ငြိမ်မှုများ ကာလတခု အထိ ဖြစ်လာနိုင်ခြေ ရှိသည် ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံ အရှေ့ဘက် နယ်စပ်ရှိ ဝေးလံသော တောင်တန်းဒေသရှိ ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် တပ်ဖွဲ့ဝင် ၃၀၀၀၀ ရှိသည် ဟုဆိုသည်။ ထိုလက်နက်ကိုင် တပ်ဖွဲ့၏ နိုင်ငံရေးဦးဆောင် ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party – UWSP) သည် ၁၉၉၂ မှစ၍ ပထမဆုံး အကြိမ် ရွေးကောက်ပွဲများ ကျင်းပနေပြီး အနည်းဆုံး ၁၉၈၉ ခုနှစ် စတင်ဖွဲ့စည်းစဉ်မှ စ၍ ခေါင်းဆောင်မှုကို ဦးဆောင်ခဲ့သော လူဟောင်းများသည် စတင်လဲပြိုနေပြီဟု ၀ အဆင့်မြင့်အရာရှိ သုံးဦးက ပြောသည်။
“ဒီရွေးကောက်ပွဲမှာ ဥက္ကဋ္ဌ ရွေးကောက်ပွဲလည်း ပါတယ်၊ ဒါပေမယ့် သူ့နေရာကို အစားထိုးမယ် မထိုးဘူး ဆိုတာတော့ မသိဘူး” သတင်းရင်းမြစ်များ အနက်တဦးက ပြောသည်။ “အသက်ကြီးတဲ့ သူတွေနဲ့ မကျန်းမာတဲ့ လူတွေ အနားယူ ကြလိမ့်မယ်။ ပါတီအနေနဲ့ ငယ်ရွယ်ထူးချွန်တဲ့ လူသစ်အုပ်စုကို ပျိုးထောင်ရမယ်” ဟု ထိုရင်းမြစ်ကပင် ပါတီ၏ ထိပ်တန်း ဆုံးဖြတ်ချက်ချသော အဖွဲ့ဖြစ်သည့် နိုင်ငံရေး ဦးဆောင်အဖွဲ့ (Politburo) ကို ရည်ရွယ်ပြောကြား သည်။
ထိုရွေးကောက်ပွဲသည် သီးခြား နေထိုင်ကြသော ၀ ပြည် ခေါင်းဆောင်အဆင့်ဆင့် အကြားတွင် လွန်စွာ အရေးပါသော ကိစ္စဖြစ်သည် ဟု ထိုကိစ္စကို တိုက်ရိုက်သိရှိသည့် ဒုတိယမြောက် ၀ အရာရှိတဦးက ပြောသည်။
ရိုက်တာ သတင်းဌာနသည် အောက်တိုဘာလတွင် ၎င်းတို့ ဘာသာ ကြေညာထားသော ၀ ပြည်သို့ သွားရောက်ခဲ့ပြီး အရာရှိများက ၎င်းတို့ အတွင်းပိုင်း လုပ်ငန်းဆောင်တာများကို ရှင်းပြခဲ့ကြသည်။ ထိုခရီးစဉ်မှာ အရေးပါသော နိုင်ငံတကာ သတင်းလုပ်ငန်းတခု အတွက် ရှားပါးလှသော ခရီးစဉ်ဖြစ်သည်။
ထို ခေါင်းဆောင် အပြောင်းအလဲသည် တရုတ်နယ်စပ် တောင်ပေါ်ဒေသ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား တင်းမာမှု မြင့်မားနေခြင်းနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လူ ၆၅၀၀၀၀ ကို ထွက်ပြေး စေခဲ့သော အနောက်မြောက် မွတ်စလင်ဒေသ စစ်ရေးချေမှုန်းမှုတို့နှင့် စမ်းတဝါးဝါး ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ကိုးလ အရွယ်အစိုးရအတွက် ခေါင်းခဲစရာ ဖြစ်နိုင်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် သိမ်းကျုံး အနိုင်ရပြီးနောက် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်ချုပ်ရေး ဆယ်စုနှစ် များစွာအတွင်း မြန်မာနိုင်ငံကို ထာဝရ စစ်မက် အခြေအနေတွင် ရှိနေစေခဲ့သော လူမျိုးစု ပဋိပက္ခ အဆုံးသတ်ရေးကို ဦးစားပေးအဆင့် သတ်မှတ်ထားခဲ့သည်။
အင်အားအကြီးဆုံးလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် ထိုရည်မှန်းချက် အောင်မြင်ရေး အတွက် အရေးပါသော်လည်း ထိုအဖွဲ့သည် ယခင်နှစ်က ဒေါ်အောင်ဆန်းစုကြည် စတင်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်တက်ကြွစွာ ပါဝင်ခဲ့ခြင်းမရှိပေ။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ၀ တွေ မပါရင် အောင်မြင်ဖို့ မဖြစ်နိုင်ဘူး။ ၀ က အစိုးရတပ်နဲ့ တိုက်ပွဲ ဆက်ဖြစ်နေတဲ့ တိုင်းရင်းသား တပ်ဖွဲ့များ အချင်းချင်းကြားနဲ့ အစိုးရကြားမှာ ကြားဝင်ဆောင်ရွက် ပေးတဲ့ အဖွဲ့ ဖြစ်တယ်” ဟု ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုကော်မတီဝင်ဟောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူ ဦးစိုးနိုင်က ပြောသည်။
အလှည့်ကျခေါင်းဆောင်
နှစ်ပေါင်းများစွာ အစိုးရနှင့်တိုက်ခိုက်ခြင်း မရှိသော်လည်း လက်နက်စွန့်ရန် ငြင်းဆန်နေသော ၀ ပြည်ကို လတ်တလောတွင် ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုအများအပြား အဖြစ် ပြိုကွဲသွားသော ကွန်မြူနစ်ပါတီမှ စစ်ပြန် UWSP ဥက္ကဋ္ဌ ပေါက်ယူချန်း (Pao Yu Hsiang) က ဦးဆောင်သည်။
သူသည် ကျန်းမာရေး မကောင်းသောကြောင့် ခရီး မထွက်နိုင်သော်လည်း ထိပ်ဆုံး ဆုံးဖြတ်ချက် ချမှတ်သူ ဖြစ်နေသေးသည် ဟု ဝခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၃ ခုက ပြောသည်။
၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) သည် အလှည့်ကျ တာဝန်ခံခေါင်းဆောင်မှု စနစ် ကျင့်သုံးသောကြောင့် နိုင်ငံရေး ဦးဆောင်အဖွဲ့မှ ဝါအရင့်ဆုံး ခေါင်းဆောင် ၄ ဦးဖြစ်သည့် ဒုဥက္ကဋ္ဌ ရှောက်မင်လျန် (Hsiao Ming Liang)၊ ကာကွယ်ရေး ဝန်ကြီး ကျောက်ကျုံးတန်း (Chao Chung Tan) နှင့် အခြားခေါင်းဆောင် နှစ်ဦးတို့က အလှည့်ကျ ခေါင်းဆောင်သည့် သဘောဖြစ်သည်။
ပါတီတွင် ပါတီဝင် ၁၅၀၀၀ ရှိပြီး အကြမ်းအားဖြင့် တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုပုံစံနှင့် ဆင်သည်။ အမြဲတမ်း နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ၉ ဦး ရှိသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် စွပ်စွဲခံရပြီး အမေရိကန်ပြည်ထောင်စုက အလိုရှိနေသည့် ဝေလျှောက်ခံ (Wei Hsueh Kang) နှင့်သူ၏ညီ ဝေလျှောက်ရန် (Wei Hseuh Yun) တို့က ပြည်နယ်တောင်ပိုင်းကို အုပ်ချုပ်ကြပြီး ခေါင်းဆောင်မှု အဆင့်ဆင့်တွင် နံပါတ် ၈ နှင့် နံပါတ် ၉ ခေါင်းဆောင်များဟု သတ်မှတ်ကြသည်ဟု ခေါင်းဆောင်မှုနှင့် နီးစပ်သည့်သတင်းရင်းဖြစ် ၂ ခုက ပြောသည်။
ဆုံးဖြတ်ချက်ချသော ဒုတိယအဆင့်မှာ ဗဟိုကော်မတီ ဖြစ်ပြီး နောက်ထပ် အဖွဲ့ဝင် ၃၀ ပါသည်။ အခြား နောက်တဆင့်မှာ အဖွဲ့ဝင် ၇၀၀ ခန့်ရှိ ပါတီကိုယ်စားလှယ်များ ဖြစ်ပြီး ၎င်းတို့သည် ၂၀၁၇ နှစ်လယ်တွင် ကျင်းပမည့် ခေါင်းဆောင်မှု အပြောင်းအလဲ ရှားရှားပါးပါး ရွေးကောက်ပွဲတွင် ပါဝင်ကြမည် ဖြစ်သည်။
UWSP အတွင်း မတူညီသော ဆွေမျိုးစုများ အကြား အကွဲအပြဲ ဖြစ်နိုင်ခြေကို အရေးတကြီး စောင့်ကြည့်ရန် လိုသည် ဟု ဘန်ကောက်အခြေစိုက် လုံခြုံရေး အတိုင်ပင်ခံလုပ်ငန်း IHS-Jane’s မှ အန်ထော်နီဒေးဗစ် (Anthony Davis) က ပြောသည်။
တရုတ်စကားပြောသော ၀ ပြည်တွင် မပြောင်းလဲနိုင်သော အချက်မှာ တရုတ်သြဇာ အကြီးအကျယ် ဆက်လက် ရှိနေမည် ဟူသော အချက်ဖြစ်သည်။
“တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေးဘောဂဗေဒ သင်တန်း အတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေကို တရုတ်ပြည်ကို ပို့သင့်တယ်။ ဒါမှ အနာဂါတ်မှာ အရေးကြီးတဲ့သူတို့ရဲ့ အလုပ်တွေကို ကျွမ်းကျင်ကြမှာ” ဟု ရွေးကောက်ပွဲ အပြီးတွင် နှုတ်ထွက်မည့် ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။