ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်အတွင်း အဓမ္မပြုကျင့်ခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ သည့် မိန်းကလေး၏ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်များက တာဝန်ရှိသူများကို တောင်းဆို လိုက်သည်။
တော်ခရမ်းကြီးကျေးရွာအုပ်စု ကျွန်းချောင်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ်ရှိ မဝင်းဝင်းထွန်း (ခ) မဖူးပွင့်ဖြူ ၏ အဓမ္မ ပြုကျင့်ခံရမှု၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် ဖြစ်စဉ် နှင့် လက်ရှိ အမှုအခြေနေတို့ကို ဇန်နဝါရီ ၁၅ ရက်က ကျွန်းချောင်း ကျေရွာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ကာယကံရှင် မိသားစုဝင်များနှင့် ကူညီ ပေးနေ သူများက တောင်း ဆိုလိုက်ခြင်း ဖြစ်သည်။
သေဆုံးသူ မဖူးပွင့်ဖြူသည် ၂၀၁၆ ဒီဇင်ဘာ ၈ ရက် ည ၈ နာရီခန့်တွင် သမီးရည်းစားဖြစ်သူ ဝင်းနိုင်(ခ)အနိုင်ဆိုသူနှင့် တွေ့ဆုံရန် ၎င်း၏နေအိမ်မှ ထွက်သွားခဲ့ရာမှ အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပြီး ၅ ရက်အကြာတွင် ဖြစ်စဉ် အလုံးစုံကို မိခင်နှင့် အဒေါ်များသို့ပြောပြပြီးနောက် ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းနေအိမ်၌ပင် ကြိုးဆွဲချ သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း ဦးလေးတော်စပ်သူ ဦးသန်းဝင်းက မီဒီယာများသို့ ပြောသည်။
“အရင်ကတွေ့မယ်ဆို ရွာပေါ်က ဘုန်းကြီးကျောင်းရှေ့ ဈေးဆိုင်မှာပဲ တွေ့ပြီး စကားပြောကြတယ်။ အဲဒီညကတော့ လွတ်လွတ်လပ်လပ် တွေ့ရအောင်ဆိုပြီး သူ့ကို ခေါ်သွားတယ်။ ပြီးတော့ နေဖို့တွေပြောတော့ သူကလက်မခံနိုင်ဘူး ဆိုပြီး ပြောရင်းဆိုရင်း သူ့နောက်ပိုး အရိုက်ခံလိုက်ရတယ်။ သူ သတိလစ်သွားတယ်။ သတိရလာတော့ သူ့ခန္ဓာကိုယ် မှာ ထဘီမရှိတော့ ဘူး။ ထဘီအောက်က ဖုန်းကိုအရယူပြီး သူပြေးရင်း အကူအညီတောင်းတယ်။ သူ့ဘေးနားမှာ သူ့ ရည်းစားရှိသေးတယ် ခပ်လှမ်းလှမ်းမှာက နှစ်ယောက်ရှိတယ်ဆိုပြီး ပြောခဲ့တာ”ဟု အဒေါ်တော်စပ်သူ မနီနီဝင်းက ရှင်းပြသည်။
စတင်ဖြစ်ပွားသည့် ညတွင် မဖူးပွင့်ဖြူ သည် ဖုန်းထဲမှ အကူအညီ တောင်းခဲ့သော်လည်း တာဝန်ရှိသူများက မဖူးပွင့်ဖြူ ကို တွေ့သည့်အခါ သမီးရည်းစားသဘာဝ ဖြစ်သည့်သဘောဖြင့် အိမ်သို့ ပြန် လွှတ်လိုက်ကြောင်း၊ နောက်ရက်များတွင် လည်း မည်သူမျှစုံစမ်း စစ်ဆေးခြင်း မရှိတော့ကြောင်း၊ မဖူးပွင့်ဖြူကိုလည်း တစုံတရာ ထပ်မံမေးမြန်း၍မရခဲ့ရာမှ ယခုလို သတ်သေသည်အထိ ဖြစ်သွားခဲ့ရကြောင်း သိရသည်။
သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေနှင့်အညီ တုံ့ပြန်မှုအားနည်းခဲ့ခြင်းကြောင့် သေမှုသေခင်းအဖြစ်သာ မူလက သတ်မှတ်ခဲ့ကြောင်း၊ သေဆုံးပြီး ၂ ရက်မြောက်နေ့မှသာ အဓမ္မပြုကျင့်ခံရမှု အတွက် အမှုလက်ခံခဲ့ကြောင်း၊ လတ် တလော တွင် တရားခံဟုယူဆရသူ ဝင်းနိုင်(ခ)အနိုင်နှင့် အပေါင်းအပါနှစ်ဦး (တဦးကို အသက်မပြည့်၍ ပြန်လွှတ်ထား သည်)ကို ဖမ်းဆီး ထားကြောင်း ကွမ်းခြံကုန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အလုပ်မှုဆောင် ဦးဇော်မြင့်ထွန်း က ပြောသည်။
“သက်ဆိုင်ရာ တာဝန်ရှိသူတွေ တာဝန်ကို ကျေပွန်အောင်မလုပ်လို့ မသေသင့်ဘဲ သေရတာလို့ပဲ မြင်တယ်။ အဲဒီညက ဝိုင်း အနိုင်ကျင့်နေတယ်ဆိုတာကို ကျေးရွာအုပ်ချုပ်ရေးမှူး ဖုန်းထဲကနေ ကြားတယ်။ တိုက်နယ် စခန်းမှူးတွေလည်း ကြားတယ်။ ဒီဖြစ်စဉ်ဖြစ်နေတာကို ဘာလို့ ချက်ချင်း ဥပဒေရဲ့ အကာအကွယ်ကို မပေးနိုင်တာလဲ။ ပြီးတော့ ဒီကလေး မလေး အနေနဲ့ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုလည်း မရခဲ့ဘူး။ အသက် ၁၈ နှစ်ဆိုတော့ သူ့စိတ်မခံစားနိုင်တော့လို့ Suicide လုပ်လိုက်တာပဲ”ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက ကာယကံရှင် မိသားစုဝင်များသည် ဆင်းရဲနွမ်းပါးသည့် ရေလုပ်သား မိသားစုဝင်များဖြစ်သည့် အတွက် ဥပဒေကြောင်း ဆိုင်ရာများကို နားလည်မှုမရှိခြင်းကြောင့် ဥပဒေအရ ခိုင်လုံမှု အားနည်းချက်များရှိခဲ့သည်ဟု လည်း ပြောဆိုသည်။
မဖူးပွင့်ဖြူအမှု အခြေအနေနှင့်ပတ်သက်၍ ကွမ်းခြံကုန်းမြို့မ ရဲစခန်းသို့ သွားရောက် မေးမြန်းရာ ယာယီစခန်းမှူး အဖြစ် တာဝန်ယူထားသူ ရဲအုပ် ဝဏ္ဏမောင်မောင်က ကွမ်းခြံကုန်း ရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ၂၀၁၇ ဇန်နဝါရီ ၁၂ တွင် စတင်တရားစွဲဆိုမှုပြုလုပ်ခဲ့ကြောင်း၊ ကျန်သည့်အချက်အလက်များကို ၎င်းအနေဖြင့် မဖြေပေးနိုင်ဘဲ တိုင်း ရဲတပ်ဖွဲ့ကိုသာ မေးမြန်းစေလိုကြောင်း မီဒီယာများကို ပြောဆိုခဲ့သည်။