ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် (တအာင်း) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြောက်ပိုင်းတွင် အရပ်သား ၁ ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသည့် ကိစ္စသည် ၎င်းတို့ ထောင်ထားသည့် မိုင်းကြောင့် မဟုတ်ဟု အစိုးရ တပ်မတော် နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က ငြင်းဆိုထားကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် နမ့်ဆန်မြို့ မိုးဂဲရပ်ကွက်နေ ဦးဇော်ညွန့်သည် ဇန်နဝါရီလ ၁၆ ရက်နေ့က ၎င်း၏ လက်ဖက်ခြံမှ အပြန် နမ့်ဆန် မြို့၏ မြောက်ဘက် မီတာ ၂၀၀၀ အကွာသို့ အရောက်တွင် မိုင်းနင်းမိ၍ ညာဘက်ခြေချင်းဝတ် ပြတ်သွားကြောင်း၊ ၎င်းကို လားရှိုး ဆေးရုံကြီးသို့ ပို့ဆောင် ကုသ နေရကြောင်း၊ ထိုမိုင်းသည် လက်နက်ကိုင် အဖွဲ့ ၁ ခု က ထောင်ထားသည့် မိုင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
TLNA ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားရာတွင် အိုက်ညွှန့် ခေါ် ဦးဇော်ညွှန့်နှင့် ဇနီးတို့သည် ၎င်းတို့၏ လက်ဖက်ခြံမှ ထမင်းစားရန် ပြန်လာချိန်တွင် မြန်မာ့ တပ်မတော်မှ ထောင်ထားသည့် မိုင်းနင်းမိ၍ ညာဘက်ခြေထောက် တခုလုံး ကြေမွသွားသည်ဟု TNLA က ထုတ်ပြန်ထားသည်။
၎င်းတို့၏ ဆိုင်ကယ်ရပ်ထားသည့် နေရာသို့ ပြန်လာကြစဉ် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း၊ ၎င်း၏ ဇနီးသည် မိုင်းရှိသည့် နေရာနှင့် အနည်းငယ် အလှမ်းဝေးသည့် အတွက် ထိခိုက်မှု မရှိခဲ့ကြောင်း၊ ဦးဇော်ညွှန့်မှာ လားရှိုးဆေးရုံကြီးတွင် ဆေးကုသ ခံယူနေပြီး ခြေထောက် ဖြတ်ခံထားရသည့် ဒဏ်ရာကြောင့် ညာဘက် ခန္ဓာကိုယ် တခြမ်းလုံး နာကျင်ကိုက်ခဲသည့် ဝေဒနာကို ခံစားနေရသည်ဟု ပြောဆိုကြောင်း ၎င်းအား သွားရောက် ကြည့်ရှု ခဲ့သူ ပလောင် (တအာင်း ) ပရဟိတ အဖွဲ့မှ ဒေါက်တာ မျိုးသန်းထွန်း က ဧရာဝတီ ကို ပြောသည်။
ဒေါက်တာ မျိုးသန်းထွန်း က “ဦးဇော်ညွှန့်ရဲ့ ညာဘက်ခြေထောက်က ခြေမျက်စိရဲ့ အထက်ပိုင်း ၆ လက်မလောက် အထိ ဖွာလန်ကြဲ၊ ကြေမွှသွားတော့ ဖြတ်လိုက်ရတာပေါ့၊ အဲဒီ ဒဏ်ရာကြောင့်ပဲ ညာဘက် တခြမ်းလုံးက တင်းပြီးတော့ နာနေ တယ်၊ ပူလဲ အရမ်းပူလောင်တဲ့ ဝေဒနာ ခံစားနေရတယ်လို့ ပြောပါတယ်၊ ကျန်တဲ့နေရာကိုတော့ မထိပါဘူး” ဟု ဆိုသည်။
ဆက်လက်၍ သူက “မိုင်းနင်းမိတဲ့ အချိန်မှာ သူ့မိန်းမက ၁၅ ပေလောက် အကွာမှာ ရောက်နေတဲ့အတွက် မထိလိုက်ဘူး လို့ ပြန်ပြောပြတယ်၊ ဘယ်သူတွေ ထောင်ထားတဲ့ မိုင်းဆိုတာတော့ သူလည်း မသိဘူးလို့ ပြောပါတယ်၊ ကျနော် တို့ လည်း သေချာ မသိပါဘူး” ဟု ဆိုသည်။
အသက် ၄၄ နှစ် အရွယ်ရှိ ဦးဇော်ညွန့်တွင် ဇနီးနှင့် သားသမီး ၂ ဦး ရှိကြောင်း၊ လက်ဖက်ခြံ စိုက်ပျိုးရေး လုပ်နေသည့် တောင်သူ တဦးဖြစ်ပြီး ၎င်း၏ လက်ဘက်ခြံသည် ၎င်းနေထိုင်သည့် မိုးဂဲ ရပ်ကွက်နှင့် အနည်းငယ်သာ ဝေးကြောင်း သိရသည်။
နမ့်ဆန်မြို့နှင့် တဝိုက်တွင် TNLA နှင့် အစိုးရ တပ်မတော်တို့ အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ကလည်း ဒေသခံ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဒေသခံ တချို့လည်း မိမိတို့ နေအိမ်များအား စွန့်ခွာ၍ မိမိတို့ ဆွေမျိုးများ ရှိရာ အရပ်များသို့ ပြောင်းရွှေ့မှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ နမ့်ဆန် ဒေသခံများသည် လားရှိုးနှင့်မန္တလေးမြို့များသို့လည်း ထွက်ပြေး ခိုလှုံမှုများရှိကြောင်း ဒေသခံများက ဧရာဝတီ ကို ပြောသည်။