ပြည်မြို့ ရွာဘဲနယ်မြေ စည်တော်မင်္ဂလာရပ်ကွက်ရှိ ဗလီတွင် ၁၄၉၁ နှစ်မြောက် တမန်တော်မွေးနေ့ကျင်းပမည့်ကိစ္စကို ကန့်ကွက်ခဲ့ရာတွင် ပါဝင်ခဲ့သည့် အမျိုးသား ညွှန့်ပေါင်း အဖွဲ့မှ ဦးဆောင်သူ ဦးလှသိန်းမောင် အပါအဝင် ၁၂ ဦး ကို ဝတ္တရား နှောက်ယှက်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့ထံက သိရသည်။
ထို့အပြင် သံဃာ ၃ ပါးကို ရန်ကုန်တိုင်း သံဃမဟာ နာယကမှ ခေါ်ယူဆုံးမကာ သြဝါဒပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် အမျိုးသားရေးညွန်ပေါင်းအဖွဲ့မှ ပွဲမကျင်းပနိုင်ရန် ကန့်ကွက်စောင့်ကြည့်မှုများပြုလုပ်ခဲ့ရာ ပွဲဖျက်သိမ်းလိုက်ရသည့်အတွက် ကန့်ကွက်သူများအား အရေးယူဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ညွန်ကြားခဲ့ပြီး စောင့်ကြည့်ကန့်ကွက်ရာတွင် ပါဝင် ပတ်သက်ခဲ့သူများကို စိစစ် နေကာ အခြား ပုဒ်များဖြင့်ပါ အရေးယူနိုင်ရန် ဥပဒေ အကြံပေးများဖြင့် တိုင်ပင်နေကြောင်း သိရသည်။
“ ၁၅ ရက်နေ့က ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံဃာကိစ္စကို မြို့နယ်သံဃ နာယကအဖွဲ့က ဆောင်ရွက်ပါလိမ့်မယ်။ ပါဝင်ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေကိုတော့ အုပ်ချုပ်ရေးမှူးတွေက ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်သွား လိမ့်မယ်ဆိုတဲ့ အကြောင်း အစည်းအဝေး လုပ်ခဲ့တာပါ” ဟု ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၈ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်က ပြောသည်။
တမန်တော်မွေးနေ့အား ကန့်ကွက်ခဲ့သည့် အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့အား ဘာသာရေး အဓိကရုဏ်းဖြစ်ရန် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ရာ အရေးယူဆောင်ရွက်ပေးရန်၊ အလားတူပြဿနာမျိုး ထပ်မံ မဖြစ်ပွားစေရေး တာဝန်ရှိသူများမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ပြည်မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်း ၂၇ ဖွဲ့ ပူးပေါင်းကာ ယနေ့နေ့လည်ပိုင်းက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
“အထူးသဖြင့် အရေးယူတဲ့အပိုင်းကို ကျနော်တို့ ပိုမိုလုပ်ဆောင်စေချင်လို့ပါ။ ပြည်သူလူထုကလည်း အမြဲတမ်း နိုးနိုးကြားကြားရှိနေစေဖို့ ဒါမျိုးဖြစ်လာရင် နားမယောင်ဖို့ပါ” ဟု ပြည်မြို့ အခြေစိုက် မိုးမေတ္တာပရဟိတအသင်း အထွေထွေအတွင်းရေးမှူး ကိုညီညီအောင်က ပြောသည်။
ပြည်မြို့တွင် ကျင်းပပြုလုပ်မည့် တမန်တော်မွေးနေ့အား ကန့်ကွက်ခဲ့သည့် အမျိုးသားရေးညွန်ပေါင်းအဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် အဖွဲ့အစည်း ၁၇ ဖွဲ့ပါရှိကာ ယင်းအဖွဲ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြည်မြို့စည်တော်မင်္ဂလာရပ်ကွက် ဗလီရှေ့တွင် ကား ၈ စီးခန့် တန်းစီးရပ်ထားပြီး တမန်တော်နေ့အခမ်းအနား ထပ်မံမကျင်းပနိုင်ရန် စောင့်ကြည့်မှုများပြုလုပ်ကာ ကန့်ကွက်ကြောင်းကြေညာချက် စာရွက်များ လိုက်လံ ဝေပေးခဲ့ခြင်းကြောင့် ပွဲဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။