မြန်မာ့ တိုင်ရင်းဆေးတမျိုး ဖြစ်သည့် “ထက်လင်း ချွဲသလိပ်ကြေ ရင်လူးဆေး”တွင် အာဆင်းနစ်ဓာတ် ပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေမှု အပေါ် ကျန်းမာရေး ဝန်ကြီးဌာနက စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ သတင်း ရရှိသည်။
“ထက်လင်းမှာ အာဆင်းနစ် ရာခိုင်နှုန်း ပါဝင်မှု ဘယ်လောက်ရှိနေလဲဆိုတာ ဈေးကွက်ကနေ ကောက်ယူ စစ်ဆေး သွားမှာပါ။ သောက်ဆေးမဟုတ်ဘဲနဲ့ လိမ်းဆေးတွေမှာတော့ ကျောက်ဆေးဒါန်းက ပါတတ်ပါတယ်။ ကျောက်ဆေးဒါန်းမှာက အာဆင်းနစ်က ပါတတ်တယ်။ အာဆင်းနစ် ပါဝင်မှု အနည်းအများပေါ်မှာ မူတည်ပြီးမှ အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမှာပါ” ဟု တိုင်းရင်းဆေးပညာ ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ဧရာဝတီသို့ ပြောသည်။
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့ရှိ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို မှာယူ၍ ပြန်လည် ရောင်းချနေသည့် ဆိုင်တဆိုင်ကို ယင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနက စစ်ဆေးရာ ထက်လင်းအမည်ရှိ မြန်မာ တိုင်းရင်းဆေးတွင် အာဆင်းနစ်ဓာတ် တွေ့ရှိသဖြင့် ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း ယင်းနိုင်ငံတွင် နေထိုင်သူ ဒေါက်တာ တင့်ဆွေက ၎င်း၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က တင်ပြခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် တွေ့ရှိသည့် ထက်လင်း ရင်လူးဆေးကိစ္စသည် ထုတ်လုပ်စဉ် ကာလကတည်းကပင် ဆေးထဲတွင် အာဆင်းနစ် ပါဝင်နေခြင်း ဖြစ်နိုင်သလို ဆေးအတုလည်း ရှိနိုင်ကြောင်း၊ ဖြစ်နိုင်ခြေ မျိုးစုံ ရှိနေသဖြင့် ထက်လင်းဆေးကို ဈေးကွက် အတွင်းမှ ရှာဖွေကာ စစ်ဆေးသွားမည် ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ သိရသည်။
“မြန်မာနိုင်ငံရဲ့ အနေအထားအရ ရေမှာကိုက အာဆင်းနစ်ဓာတ်က ရှိနေတယ်။ ကလေးလိမ်းဆေးတွေမှာ များသောအားဖြင့် ကျောက်ဆေးတန်းတို့ ဘာတို့ ပါတတ်ပါတယ်။ ဒီကျောက်ဆေးဒါန်း ပါတာလောက်ကိုတော့ ကျနော်တို့ဌာနက လက်ရှိ အနေအထားအထိတော့ ခွင့်ပြုထားဆဲပါပဲ။ ဒီကျောက်ဆေးဒါန်းလို ဆေးမျိုးမှာ အဲဒီ အာဆင်းနစ်ဓာတ်ပါပါတယ်။ အနည်းနဲ့ အများပေါ့လေ”ဟု ဦးကျော်စိုးက ပြောသည်။
ထက်လင်းဆေးထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဒေါက်တာ ခင်မောင်ထွန်းကမူ ထက်လင်းဆေးတွင် အန္တရာယ်ရှိပါက အစားအသောက်နှင့် ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း (FDA) က ခွင့်ပြုမည် မဟုတ်ကြောင်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ထံတွင်လည်း တရားဝင် ဆေးမှတ်ပုံတင် ရရှိရန် တင်ပြရပြီး ဆေးအရည်အသွေး စိတ်ချရ၍ လုပ်ငန်းလိုင်စင် ထုတ်ပေး ထားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အမေရိကန်က ဆိုလိုတာက ကျနော်တို့ တိုင်းရင်းဆေးတိုင်းမှာ သုံးတဲ့ တော်တော်များများမှာ မင်းလေးပါးနာတို့ ဘာတို့မှာလည်း အာဆင်းနစ် ဓာတ်ပါတယ်။ တိုင်းရင်းဆေးပညာ ဦးစီးဌာနကလည်း အန္တရာယ် မရှိလို့ ခွင့်ပြုတာပေါ့။ ကျနော်က ပရဆေးနဲ့ ပတ်သက်ပြီး ဒေါက်တာ ဘွဲ့ရထားတဲ့သူပါ” ဟု ထက်လင်းဆေးထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဒေါက်တာ ခင်မောင်ထွန်းက ပြောသည်။
အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ချက်တွင် မြန်မာစာ ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ၁၄ ရက်နေ့တွင် ထိုသတင်းကို ကြားသိရကြောင်း ထက်လင်းဆေးဝါးလုပ်ငန်းက ဆိုသည်။
“ဒါကတမင်သက်သက်ကို ပုံကပ်ပြီးတော့ လုပ်တာ။ တယောက်ယောက်က ချောက်တွန်းတာပါ။ အမတို့ဆေးက ဒီသတင်းကြောင့် အရောင်းလည်း မကျဘူး။ ဒီတိုင်းပဲ။ ဆေးထုတ်တဲ့ သက်တမ်းကလည်း နှစ် ၄၀ နီးပါး ဖြစ်နေပြီ။ ဖော်မြူလာလည်း မပြောင်းဘူး။ ဗမာဆေးကို ဗမာဆေးအတိုင်းပဲ ထုတ်ထားတယ်” ဟု ထက်လင်းဆေးဝါးလုပ်ငန်းမှ ဒေါ်ဥမ္မာက ဧရာဝတီသို့ ပြောသည်။
ပြည်သူလူထု အနေဖြင့် တရားမဝင် ဆေးအဖြစ် ကြေညာပါက ဆက်လက် မသုံးစွဲရန် လိုအပ်ပြီး ဌာနအနေဖြင့်လည်း ဈေးကွက်တွင်း ဆက်လက်ဖြန့်ချိခြင်း မရှိစေရန် ဆောင်ရွက်နေကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တရားစွဲဆိုမှုများပါ ပြုလုပ်နေကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့်က နေပြည်တော်တွင် ဇန်နဝါရီ ၁၇ ရက်နေ့က ကျင်းပသည့် ၁၇ ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် သတင်းထောက်များကို ပြောသည်။
အောင်ထိပ်တန်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းမှ ဦးဝင်းဇော်ကလည်း “ကျနော်တို့ လုပ်ငန်းရှင်တွေစုပြီး အသင်းတခု နောက်ပိုင်းမှာ ပေါ်လာမှာပါ။ အခု ရန်ပုံငွေတခုထူထောင်ပြီး ဈေးကွက်ထဲက ဆေးဝါးတွေကိုယူပြီး အမြဲစစ်ဖို့ စီစဉ်နေပြီ။ ဌာန စစ်မယ်။ ကျနေ်ာတို့က ရန်ပုံငွေ လှူပေးမယ်။ အမြဲစစ်ဖို့ပါ။ တွေ့ရှိချက်ကို ကျနော်တို့က ပြည်သူလူထုကို ထုတ်ပြန်မယ်။ အဲဒီလို စစ်နိုင်ဖို့ ဆောင်ရွက်နေပြီး အမြဲကြေညာ ပေးနေနိုင်ရင် ပြည်သူတွေက ယုံကြည်မှု ရှိလာမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။