တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ်က မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တရုတ်နှစ်ကူးပွဲ ကျင်းပသည့် အချိန်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ခိုက်မှုများ လျှော့ချပေးရန် တောင်းဆိုခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
တရုတ်အထူးကိုယ်စားလှယ် Sun Guoxiang က မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် ပါဝင်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဗိုလ်မှူးကြီးတာဘုန်းကျော်က “ တရုတ်နယ်စပ်ဘက်မှာ တိုက်ပွဲတွေလျှော့ချဖို့၊ ဖြစ်နိုင်ရင် ရပ်တန့်ပေးဖို့၊ အထူးသဖြင့် (တရုတ်) နှစ်သစ်ကူးမှာ တိုက်ပွဲတွေမဖြစ်ဖို့ သူက အဓိက ပြောတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်နှင့် အစိုးရခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ပြုလုပ်ရန်လည်း Sun Guoxiang က မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို အကြံပြုခဲ့သည်ဟု သိရသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များက ၎င်းတို့ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မကြာမီ စတင်လိုကြောင်း သို့သော် လည်း ဆွေးနွေးပွဲများ တက်ရောက်ရန် ဆန္ဒရှိနေသော ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပတ်သက် ၍ ညှိနှိုင်းမှု အချို့ ပြုလုပ်ရန် လိုအပ်နေကြောင်း ပြောခဲ့ကြသည်။ အစိုးရဘက်က ထိုအချက်ကို သဘောမတူကြောင်း သိ ရသည်။
“ကျနော်တို့က UWSA ကို ကျနော်တို့နဲ့ အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ခေါ်သွားချင်တယ်။ အားလုံးပါဝင်သင့်ပါတယ်။ တကယ်လို့ UWSA ကျန်ခဲ့မယ်ဆိုရင် တိုင်းပြည်မှာ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။
အစည်းအဝေးတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့၏ ကိုယ်စားလှယ်များက ကချင်နှင့် ပလောင် (တအာင်း) ဒေသများတွင် မြန်မာ့တပ်မတော်က ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ်နယ်စပ်အနီးတွင် တိုက်ပွဲများ အရှိန်မြင့်တက်လာခဲ့ ကြောင်း တရုတ်ကိုယ်စားလှယ်ကို ပြောကြားခဲ့ကြသည်။ အရပ်သားများရှိသည့် နေရာများတွင် လက်နက်ကြီးများ ပစ်ခတ် ခဲ့သည်ဟုလည်း သူတို့က ပြောသည်။
“ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို မြန်မာတပ်မတော်က တိုက်ခိုက်မှုတွေပြုလုပ်နေရင် ငြိမ်းချမ်းရေး ရဖု့ ခက်ခဲလိမ့်မယ်လို့ ကျနော်တို့က သူ့ကို (တရုတ် အထူးကိုယ်စားလှယ်ကို) ပြောပြခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီး တာဘုန်း ကျော်က ပြောသည်။
အထူးကိုယ်စားလှယ် Sun Guoxiang က မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း ယခု လ အစောပိုင်းတွင် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံသည် တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ရရှိစေမည့် ဒီမိုကရေစီ စနစ်တခုသို့ အသွင်ကူးပြောင်းခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ လက်နက်ကိုင် တိုက်ခိုက်၍ အခွင့်အရေးတောင်းဆိုခြင်းက အောင်မြင်လိမ့်မည် မဟုတ်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့ကြောင်းလည်း သိရသည်။